လေယာဉ်ပြေးလမ်း လက်နက်ကြီးထိလို့ ဗန်းမော်လေဆိပ် ရက်အကန့်အသတ်မရှိပိတ်

မတ်၊ ၈
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမတလျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား မနေ့ကစတင်တဲ့ တိုက်ပွဲတွေအတွင်း ဗန်းမော်လေဆိပ် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့နောက် လေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တဦးက DNAကိုပြောပါတယ်။
 
“ လေယာဉ်က ခဏယာယီပြေးလမ်း နည်းနည်းပျက်သွားလို့လေ ပြေးလမ်းပြင်နေတယ်၊ သူပုံမှန် ရောင်းနေကျ လက်မှတ်တွေက ဖြတ်ချလိုက်တာတော့ မဟုတ်ဘူး။ ဒီနေ့လေယာဉ်ရယ် မနေ့က လေယာဉ်ရယ်ဖျက်တယ်လို့ အကြောင်းကြားလာတယ် ” လို့ သူကပြောပါတယ်။
 
လတ်တလော ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေအတွက် လက်မှတ်၀ယ်ယူထားသူတွေကို တချို့လေကြောင်းလိုင်းတွေက ငွေပြန်အမ်းပေးတာတွေ ရှိသလို ခရီးစဉ်အသစ် ပြန်လည် ပြင်ဆင်ပေးဖို့ လုပ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
ဗန်းမော်လေဆိပ် ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို အတည်အကျ မသိရသေးတာကြောင့် လတ်တလော လေယာဉ်လက်မှတ်ရောင်းချနေတာတွေကို ရပ်နားထားပေမယ့် မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ပေးပြီး ကြိုတင်စာရင်းပေး လက်မှတ်စောင့်၀ယ်ယူနေတာတွေတော့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
 
“လေယာဉ်ကွင်း ပိတ်သွားတယ်ဆိုပေမယ့်လည်း တကယ်တော့ လက်မှတ်ကလည်း ၀ယ်မရပါဘူး။ ပုံမှန်လက်မှတ်တွေ သွားမေးလိုက်ရင် ကုန်နေတာက များတယ်၊ စျေးကြီးပေးပြီးတော့ လိုက်၀ယ်မှသာ ရတာပါ၊ ဒါပေမယ့်လည်း ထွက်ပေါက်က လေကြောင်းလိုင်းတခုပဲ ရှိတာဆိုတော့ ဒါပါပိတ်ရင် အကုန်ခက်ကုန်မှာ” လို့ ဗန်းမော်ဒေသခံတဦးက ပြောပါတယ်။
 
ပုံမှန်အားဖြင့် ဗန်းမော်လေဆိပ်ကနေ မြစ်ကြီးနားမြို့အပါအ၀င် တခြားမြို့နယ်တွေကို လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေးတာရှိသလို တပတ် သုံးကြိမ်နှုန်းလောက်နဲ့ ပျံသန်းပေးနေပြီး လက်မှတ်ခနှုန်းထားတွေကတော့ မြို့နယ်အလိုက် ကျပ်တသိန်းကျော်ကနေ ကျပ်ငါးသိန်း သုံးသိန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။
 
မြစ်ကြီးနား-ဗန်းမော် ကားလမ်းအနီးမှာရှိတဲ့ ဗန်းမော်လေယာဉ်ကွင်း အနီးအနားမှာ မနေ့က တနေ့ကုန်နီးပါး လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံတွေ ကြားရပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေလည်း ကြားရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
 
အလားတူ စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ ဗန်းမော်တက္ကသိုလ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းအတွင်းရှိ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ညတွင်းချင်း ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
လတ်တလောနှစ်ဖက်တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ရေလမ်းခရီးတွေအဆင်မပြေဖြစ်နေချိန် လေ ကြောင်း ခရီး စဉ်တွေပါ ရပ်ဆိုင်းသွားတာကြောင့် တိုက်ပွဲအတွင်း ပိတ်မိသွားမှာကိုစိုးရိမ်နေ ရတယ်လို့ အထက်ပါ ဒေသခံ ကပြောပါတယ်။
 
“ ကားလမ်းဆိုရင်လည်း မဖွင့်ဘူးလေနော်၊ ရေကြောင်းကျတော့လည်း စိတ်မချရပြန်ဘူး၊ လေကြောင်းကပဲ သွားမယ်ဆိုရင် လွယ်တာပေါ့နော်၊ အခု လမ်းကြောင်းတွေ အကုန်ပိတ်မိသွားမှာတော့ စိတ်ပူတယ် အခုလည်း တမြို့လုံး ကြောက်နေကြတာ” လို့ သူကပြောပါတယ်။
 
KIA တပ်ဖွဲ့ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက် ကစစ်ကောင်စီစခန်းတွေနဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းတလျှောက် စစ်ကောင်စီစခန်းတွေကို KIA ပူးပေါင်းတပ်က မနေ့က မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီကနေ့အထိ အရေးပါတဲ့ စခန်းလေးခုအပါအဝင် စုစုပေါင်း စခန်း တဒါဇင်လောက် သိမ်းပိုက်ထားနိုင်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက DNA ကိုပြောထားပါတယ်။
 
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲကာလတွေအတွင်း လားရှိုးမြို့လေဆိပ်ကို ယာယီပိတ်ထားခဲ့ရသလို ကရင်နီတပ်တွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် လွိုင်ကော်လေဆိပ်ကိုလည်း ပိတ်သိမ်းခဲ့ရတာ ရှိပါတယ်။
 
ဓာတ်ပုံ – Social Media