ပြည်တွင်းရွှေဈေး ကျပ်သိန်းလေးဆယ်ကျော်နဲ့ အမြင့်ဆုံးစံချိန်သစ်တင်

မတ်၊ ၈
 
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်လာချိန် ပြည်တွင်းအခေါက်ရွှေ တကျပ်သား သိန်းလေးဆယ်ကျော်အထိ စံချိန်တင်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
ဒီကနေ့ နေ့လယ်ပိုင်းအထိ ဈေးနှုန်းသတ်မှတ်ချက်တွေအရ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၂,၁၅၈ အထိရှိပြီး အတက်ဘက်ကို ဆက်ပြီးဦးတည်နေပါသေးတယ်။
 
ပြည်တွင်းရွှေဈေးကတော့ ၁၆ ပဲရည် တကျပ်သားကို ဒီကနေ့ နေ့လယ် စျေးကွက်ပေါက်ဈေးအရ ၄,၀၃၀,၀၀၀ ကျပ်အထိ ရှိနေပါတယ်။
 
“ကမ္ဘာ့ဈေးတက်တာနဲ့လည်း မဆိုင်ဘူးထင်တယ်၊ အရင်ကဆို ကမ္ဘာ့ဈေးတက်လည်း ရွှေဈေးက ကျချင်ကျနေတာလေ၊ အရင်တုန်းက ဒေါ်လာနဲ့ ကမ္ဘာရွှေကိုကြည့်ပြီး တွက်ရတာ၊ အခုက ဘယ်လို အခြေအနေမှန်းတောင် မသိပါဘူး“ လို့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမှာရှိတဲ့ ရွှေကုန်သည်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေမယ်လို့မနှစ်က ဇူလိုင်လ ၂၃ ရက်မှာ ကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးကွက်မှာ အဝယ်လိုက်လို့ အခေါက်ရွှေ တကျပ်သားကို သိန်းလေးဆယ်နီးပါးအထိ အမြင့်ဆုံးတက်ခဲ့ဖူးပါတယ်။
 
အဲဒီတုန်းက အမေရိကန် တဒေါ်လာကို ၃,၉၀၀ ကျပ်ထိ ပေါက်ဈေးမြင့်တက်ခဲ့ပါသေးတယ်။
 
လက်ရှိမှာတော့ အဲဒီစံချိန်ကိုပါကျော်ပြီး အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း ရွှေဈေးနှုန်း အမြင့်ဆုံးစံချိန် ဖြစ်လာသလို ဆက်ပြီးတက်ဖို့ အလားအလာပါ ရှိနေသေးတာပါ။
 
ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေး စံချိန်တင်မြင့်တက်ခဲ့တဲ့နောက် ဈေးကစားသူတွေကြောင့်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရွှေကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ရွှေဈေးနှုန်းဟာ ၃၂ သိန်းဝန်းကျင်လောက်ထိ ပြန်ကျခဲ့ပါတယ်။
 
အဲဒီလို ရွှေဈေးကျဆင်းလာရာကနေ ရွှေဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အခေါက်ရွှေတကျပ်သား ကို ၃၅ သိန်း၊ ၃၆ သိန်းဝန်းကျင်မှာ အတော်ကြာအောင် စျေးတည်ငြိမ်ခဲ့တာပါ။
 
ဒီလိုတည်ငြိမ်နေခဲ့တဲ့ ရွှေဈေးနှုန်းဟာ တဖြည်းဖြည်းနဲ့ မြင့်တက်ခဲ့တာမှာ မနေ့က တကျပ်သားကို ၄,၀၂၀,၀၀၀ ကျပ်အထိ ရှိခဲ့ပြီး ဒီနေ့ မတ်လ ၈ ရက်မှာတော့ ၄,၀၃၀,၀၀၀ ကျပ် အထိ ပေါက်ဈေးမြင့်တက်ခဲ့တာပါ။
 
ဒီလိုဈေးနှုန်းမြင့်တက်လာတာဟာ စစ်အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲ ငွေကြေးဖောင်းပွလာတာကြောင့် ဖြစ်သလို လက်ရှိစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဂယက် မတည်ငြိမ်မှုတွေကြောင့်လို့ ရွှေကုန်သည်တွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
 
လက်ရှိမှာလည်း ရွှေကုန်သည်တွေကို ဈေးနှုန်းကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူမှုတွေလည်း ရှိနေတယ်လို့ ရွှေကုန်သည်တွေက ဆိုကြပါတယ်။
 
“ဖမ်းတုန်းပဲ သူတို့အသုံးမကျတာကို ကုန်သည်တွေကို မဲနေတယ်၊ ဖမ်းပြီးရင်တော့ ငွေပေးရတာပေါ့ ပြီးမှခံဝန်နဲ့ပြန်လွှတ်လိုက်တာ ဘယ်လောက်ပေးရလဲတော့ မသိဘူး” လို့ အထက်ပါရွှေကုန်သည်က ဆိုပါတယ်။
 
လက်ရှိ ရွှေဈေး စံချိန်တင်မြင့်တက်နေချိန် မတ်လ ၅ ရက်ကလည်း ဗဟိုဘဏ်ဥက္ကဌနဲ့ ရွှေငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ရွှေ၊ ငွေ ဈေးကစားသူတွေကို ကြီးကြပ်အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
 
ရွှေရောင်းဝယ်ရာမှာ မသမာမှုတွေလုပ်ပြီး ဈေးကစားမှုတွေကို ကြီးကြပ်အရေးယူနိုင်ဖို့အတွက် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအဖြစ် သတ်မှတ်နိုင်ရေး စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
 
လက်ရှိပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း အဆမတန်မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ အထက်ပါ ရွှေကုန်သည်က ပြောပါတယ်။
 
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃,၇၉၉,၁၀၀ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။
 
စစ်အာဏာမသိမ်းခင်က ‌အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၁,၃၀၀ ဝန်းကျင် နဲ့ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃,၆၅၀ ကျော်နဲ့ ရွှေတကျပ်သားကို ကျပ် သိန်း ၄၀ ကျော်အထိ စျေးတွေတက်လာခဲ့တာဖြစ်ပါတယ်။
 
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မတ်လ ၇ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၆၃၀ ကျပ်၊ တယူရို ၃,၉၀၄ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၆၇၅ ကျပ်၊ တရုတ်တယွမ် ၄၉၅ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁၀၁ ဒသမ ၅၂ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
 
ဒါပေမယ့် မတ်လ ၈ ရက်ဒီကနေ့မှာတော့ ဈေးနှုန်းအပြောင်းအလဲတချို့ရှိပြီး အမေရိကန်တဒေါ်လာကို ကျပ်နှစ်ဆယ်၊ စင်ကာပူတဒေါ်လာကို ၅ ကျပ် ထပ်ပြီးမြင့်တက်လာကာ ယူရို၊ ယွမ်နဲ့ ဘတ်တို့ကတော့ မနေ့ကအတိုင်း ဆက်ရှိနေပါတယ်။
 
ဒီဈေးနှုန်းတွေဟာ နေရာနဲ့ အချိန်အလိုက် အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။
 
အခုလိုရွှေနဲ့ နိုင်ငံခြားငွေဈေးအဆမတန် မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတချို့က ပြောပါတယ်။
 
“တခုခုဆို ဈေးတက်ဖို့ပဲလေ ဘာအသံကြားကြား၊ ခုလည်း ဈေးထပ်တက်မယ်လို့ထင်တယ်၊ မတက်ဖို့ဘဲ ဆုတောင်းရမှာပေါ့” လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – စီးပွား/ကူးသန်း