ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးနေမှုကနေ ဘာသဘောတူညီမှုမှ မရဘဲ ဟားမားစ် ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

မတ်၊ ၈

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးနေရာကနေ ဘာသဘောတူညီမှုမှ မရခင် ဟားမားစ် ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အစ္စရေးနဲ့ ဟားမားစ်တွေကြား အပစ်ရပ် သဘောတူညီမှု ရရှိစေရေး ဆွေးနွေးနေတဲ့ အချိန်မှာ အခုလို အနုတ်လက္ခဏာဆောင်တဲ့ အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ဖြစ်တဲ့ ဟားမားစ်က အစ္စရေးနဲ့ သွယ်ဝိုက်တဲ့ ဆွေးနွေးမှုတွေကတော့ အပြီးမသတ်သေးဘူးလို့ ဆိုပါတယ်။

အစ္စရေး အစိုးရကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကိုင်ရိုမှာ ဟားမားစ် ကိုယ်စားလှယ်တွေနဲ့ အကျေအလည် ဆွေးနွေးရင်း ရာမာဒန် မွတ်ဆလင် ဥပုသ်ကာလအတွင်း ဂါဇာမှာ ရက် ၄၀ ကြာ အပစ်ရပ်ထားနိုင်ဖို့ ဆွေးနွေးနေခဲ့တာပါ။ 

မူလက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ မတ်လ ၄ ရက်နေ့လောက်မှာ အသက်ဝင်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမယ့် ဟားမားစ်တွေ လက်ထဲမှာ အသက်ရှင်နေဆဲ ဓားစာခံတွေ စာရင်းကို အစ္စရေးက တောင်းဆိုတာ၊ အစ္စရေးရဲ့ ခြောက်လှန့် ပစ်ခတ်မှုကို အကြောင်းပြုပြီး ဂါဇာက ရိက္ခာတင် ယာဉ်တန်းနားမှာ အထိတ်တလန့် ဖြစ်ရာက ပါလက်စတိုင်း ရာနဲ့ချီ သေဆုံးတာမျိုး ကိစ္စတွေကြောင့် ဆွေးနွေးမှုတွေအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ 

လက်ရှိ ကိုင်ရိုက အလှည့်အပြောင်းတွေကြောင့် ဂါဇာမှာ ရက် ၄၀ အပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီမှုနဲ့ ပတ်သက်လို့ ပိုပြီး ဝေဝါးလာတဲ့ သဘောပါပဲ။ လေ့လာသူတွေကတော့ အီဂျစ်နဲ့ ကာတာ အစိုးရ ကိုယ်စားလှယ်တွေဟာ အစွမ်းရှိသမျှ အားထုတ် ညှိနှိုင်းပေးနေပေမယ့် အပစ်ရပ်ဖို့ ကိစ္စက ရုန်းကန်နေရဖွယ် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ အစ္စရေးကလည်း ဟားမားစ်တွေ ဖမ်းဆီးတာ ခံထားရတဲ့ ဓားစာခံတွေထဲက အသက်ရှင် ကျန်ရစ်သူတွေ စာရင်းကို တိတိကျကျ မရရင် ကိုင်ရိုကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ မဟုတ်ဘူးလို့ တင်းခံထားပါတယ်။

ဟားမားစ်တွေကလည်း အစ္စရေး တပ်တွေ ဂါဇာက အပြီးတိုင် ရုပ်သိမ်းရေး၊ စစ်ဘေးသင့် ပါလက်စတိုင်း ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ကိစ္စတွေကို အစ္စရေးက မလိုက်လျောတာနဲ့ ပတ်သက်လို့ အပြစ်ဖို့ ဝေဖန်ထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ ဂါဇာ နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်းခဲ့သလို လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးက စစ်ရေးအရ လွန်လွန်ကဲကဲ တုံ့ပြန်ခဲ့ရာက ဂါဇာ စစ်ပွဲကြီး စတင်လာခဲ့ပြီး အခုဆိုရင် ပါလက်စတိုင်းဖက်မှာ အသေအပျောက် ၃၁၀၀၀ ဝန်းကျင်လောက်ထိ များပြားလာကြောင်း သိရပါတယ်။

 

Ref: BBC