မြဝတီ သင်္ဃန်းညီနောင်က စစ်ကောင်စီတပ်ရင်းတိုက်ခိုက်ခံရပြီးတိုက်ပွဲဆက်ဖြစ်နေ

မတ်၊ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်မှာစစ်ကောင်စီတက်နဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ဒီကနေ့ မနက်ပိုင်းကနေ အခုညပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“တပ်ရင်းကို သွားချတာလို့ ပြောလို့ရတာပေါ့နော်၊ တိုက်ပွဲက တော်တော်ပြင်းထန်တဲ့သဘောတော့ ရှိတယ်၊ ဒီ ကောင်တွေ လေယာဉ်ရော လက်နက်ကြီးနဲ့ပါချနေတော့လေ၊ ပြောရရင်တော့ အခုထိဖြစ်နေတာ” လို့ တိုက်ပွဲမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

လက်ရှိ ဒီကနေ့ ညပိုင်းအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေက တင်းမာနေဆဲလို့သိရပေမယ့် တိုက်ပွဲအခြေအ နေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၃၅၅)ကို ဒီကနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

သင်္ဃန်းညီနောင်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တို့ရှိနေ တာပါ။ 

နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် ညနေ သုံးနာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ် တိုက်ခဲ့သလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု တွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနက်က ပစ်ခတ်သံစကြားကတည်းက အမတို့ ထွက်ပြေးနေတာ၊ လေယာဉ်လည်းပစ်တာက သိပ်မကြာဘူး၊ လေယာဉ်ဝဲနေတာက အတော်ကြာတယ်၊ သေဆုံးတဲ့သူတွေ ရှိတယ်၊ ဒဏ်ရာရတဲ့သူရော သုံးယောက်လောက်လို့ ကြားတယ်” လို့ သင်္ဃန်းညီနောင် ဒေသခံတဦးက ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ အရပ်သားထိခိုက်သေဆုံး မှုအခြေအနေတွေကို  ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒါ့အပြင် တိုက်ပွဲဖြစ်နေတဲ့နေရာအနီးပတ်ဝန်းကျင်မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ရှိနေတာ ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိနေသလိုပိတ်မိနေသူတချို့လည်း ရှိတယ်လို့ ဆိုပါ တယ်။

အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တာမ  ရှိသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ သင်္ဃန်းညီနောင်အခြေစိုက်တပ်ရင်းတွေကို တော်လှန် ရေးအင်အားစုတွေဘက်က လာရောက်တိုက်ခိုက်လို့ အခုညပိုင်းအချိန်ထိလေကြောင်းပစ်ကူပေးနေရတယ်လို့ ဖော်ပြကြပါတယ်။ 

ပုံစာ – တိုက်ပွဲအတွင်းထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံတလုံး