မတ်၊ ၆
ကရင်နီပြည်(ကယား) လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင် ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကရင်နီပြည်(ကယား) ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က DNA ကို ပြောပါတယ်။
“စစ်ဆေးပေါ်ပေါက်ချက်အရနဲ့ ကာယကံရှင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အရ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေအရ ခရိုင်တရားရုံးကနေ အမိန့်ချလိုက်တာ” သူက ပြောပါတယ်။
အသက် ၅၉ နှစ်အရွယ် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ အသက် ၅၄ နှစ်အရွယ် ဒုတိယပါမောက္ခချုပ် ဒေါ်သီတာနဲ့ မိခင်ဖြစ်သူ၊ ကထိကနဲ့ တာဝန်ရှိသူတဦးအပါအဝင်ငါးဦးကို ကရင်နီပြည်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ-၁၇/၁နဲ့ ဖေဖော်ဝါရီ ၂၅ရက်မှာ အပြီးသတ်အမိန့်ချလိုက်တာပါ။
“သူတို့ဘက်ကို ခုခံချေပခွင့်အပြည့်အဝပေးခဲ့ပါတယ်၊ ခရိုင်တရားရုံးက အမိန့်ချထားတာဆိုတော့ သူတို့ဘက်က ခုခံချေပ တာမျိုး ရှိ၊ မရှိတော့ အသေးစိတ်မသိရသေးပါဘူး” လို့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောပါတယ်။
လက်ရှိ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပါမောက္ခချုပ်အပါအဝင် ငါးဦးဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း “၁၁၁၁” စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့ကို ထိုးစစ် ဆင်ခဲ့ရာမှာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ အရာထမ်းအမှုထမ်းဝန်ထမ်းတွေ၊ မိသား စုတွေအပါအဝင် စုစုပေါင်း ၂၀၄ ဦးကိုတက္ကသိုလ်ထဲက ခေါ်ထုတ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် သူတို့ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ထိန်းသိမ်းထားခဲ့ပြီး ဝန်ထမ်းအများစုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာပဲ နှစ်သုတ်ခွဲပြီး နယ်နှင်ဒဏ်ပေးကြောင်းကြေညာကာ ပြန်လွှတ်ခဲ့ပါတယ်။
IEC အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ အဲ့ဒီဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်မှုမရှိ တာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ယန္တရားတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြဖို့၊ ကျောင်း၊ရုံနဲ့ အ ဆက်အသွယ်မလုပ်ကြဖို့၊ ပြည်သူ့ဆန္ဒနဲ့အညီ တသားတည်းရပ်တည်းသွားဖို့ ခံဝန်လက်မှတ်တွေလည်းထိုးစေခဲ့ပါတယ်။
ဒါ့အပြင် လွိုင်ကော်တက္ကသိုလ်မှာ ခေါ်ယူထိန်းသိမ်းထားတဲ့သူတွေထဲက စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားစုဝင် သုံးဦးကိုတော့ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စတွေ ဆောင်ရွက်ဖို့ စစ်ခုံရုံးဆီ လွှဲပြောင်းကာ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
လက်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)မှာ စစ်ဘက်၊ တပ်ဘက်ဆိုင်ရာ ခုံရုံးမရှိသေးတဲ့အတွက် သူတို့ သုံးဦးနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ သေချာမသိရသေးဘူးလို့ IEC ရဲ့ အတွင်းရေးမှူး (၂) ကိုဗညား က ပြောပါတယ်။
“IEC က စစ်ဘက်ဆိုင်ရာ တပ်ပိုင်းဆိုင်ရာ ခုံရုံးမရှိသေးဘူးပေါ့နော်၊ အဲဒါကြောင့်မို့လို့ မသိရသေးလို့ အခြေခံပြော လို့ရ တယ်၊အဲဒီကိစ္စတော့ ပြန်မေးရဦးမယ်”လို့ သူကဆိုပါတယ်။
ကရင်နီတော်လှန်ပူးပေါင်းတပ်တွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်ထဲပိတ်မိနေတဲ့ ဝန် ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို စစ်ကောင်စီက ကယ်မထုတ်ဘဲ စွန့်ပစ်ထားခဲ့တာကြောင့် တိုက်ပွဲနဲ့ လွတ်ရာကို ကယ် ထုတ်ခဲ့ရတယ်လို့ကရင်နီတော်လှန်ရေးအင်အားစုတွေကပြောထားတာပါ။
စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်း ၃၇၀ ဦးရှိခဲ့ပြီး အဲဒီထဲက ၉၄ ဦးက ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ပြောဆိုထား ပါတယ်။
ဒါ့အပြင် အာဏာသိမ်းသုံးနှစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတဲ့ ပညာရေးဝန်ထမ်း ၁၂၂ ဦးရှိကာ ဒဏ်ရာရသူ ၈၂ ဦးရှိတယ်လို့ ဆိုပါတယ်။