စစ်တွေမှာ ထွက်ပေါက်ပိတ်နေတဲ့စစ်ကောင်စီက ဒေသခံတွေကို ဓါးစာခံလုပ် ခံစစ်ပြင်နေ

 

မတ်၊ ၆

စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)ရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံနေရပြီဖြစ်တဲ့ ပြည်နယ်မြို့တော်စစ်တွေမှာ ဒေသခံဝန်ထမ်းတွေနဲ့ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပြုဘဲ ဓါးစာခံလုပ်ကာ ခံစစ်အနေအထားပြင်ဆင်နေတယ်လို့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ပေါ်ရှိ ဒေသခံဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ပုံမှန်ရုံးတက်ခိုင်းပြီး မြို့ခံတွေကိုလည်း ထွက်ပြေးတိမ်းရှောင်လို့မရအောင် ဆိပ်ကမ်းနဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ ဂိတ်တွေအချိန်ပြည့်ဖွင့်ကာ ဟန့်တားနေတာလို့ ဆိုပါတယ်။

“ရုံးတွေနေ့တိုင်းတက်ခိုင်းတယ်၊ ထွက်ပြေးလို့လည်း မရပါဘူး၊  သူတို့က ပုံမှန်ပဲရှိသေးတယ်၊ ဘာမှမဖြစ်ဘူးဆိုတဲ့သဘောပြောကြတယ်၊ တခုခုဖြစ်လာရင် ဝန်ထမ်းတွေကို ဓါးစာခံလုပ်ဖို့ခေါ်ထားတယ်လို့တောင် ခံစားရတယ်”လို့ စစ်တွေမြို့မှ ဝန်ထမ်းအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဒေသခံအရပ်ဖက်ဝန်ထမ်းတွေကို အဲဒီလို ရုံးတက်ခိုင်းနေပေမယ့် ဌာနဆိုင်ရာအရာရှိအကြီးအကဲအချို့နဲ့ စစ်တပ်အရာရှိတွေရဲ့ မိသားစုဝင်တွေကိုတော့ ပြီးခဲ့တဲ့လကတည်းက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရန်ကုန်၊ နေပြည်တော်တို့ဆီ ရွှေပြောင်း ပေးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲစပြီးမကြာခင်မှာပဲ စစ်တွေမြို့မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး လျှပ်စစ်မီးကိုလည်း ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဖြတ်တောက်ခဲ့ပါတယ်။

စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတွေဟာ ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်မယ်ဆိုရင် ရေလမ်းတခုတည်းကိုသာ အသုံးပြုနိုင်တော့ပြီး ဆိပ်ကမ်းတွေမှာ စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် အခက်အခဲကြုံနေကြရတာလို့ ဆိုပါတယ်။

“တပ်ထိန်းဂိတ်(ကားလမ်း မြို့ဝင်ဂိတ်)က သွားလို့မရတော့ဘူး၊ ဆိပ်ကမ်းတွေမှာလည်း စစ်တပ်ရှိတယ်၊ မထင်ရင်မထင်သလို လှမ်းပစ်တယ်၊ ကျွန်မတို့လာတုန်းကဆို နေဗီကလှမ်းပစ်တာ တလုံးကျတယ်၊ ရေထဲမှာ ကျသွားလို့ တော်သေးတာ”လို့ စစ်တွေမြို့မှ တိမ်းရှောင်လာသူအမျိုးသမီးတဦးကပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)တို့ တည်ရှိပြီး စစ်ကောင်စီအဖွဲ့ဝင်တွေနေထိုင်တဲ့ စစ်တွေမြို့ကို ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ အသံတွေထွက်နေတာကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ရှိ ဒေသခံတွေဟာ ဆက်တိုက်တိမ်းရှောင်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က စစ်တွေမြို့မစျေး၊ ငါးနဲ့အသီးအရွက်ပျံကျစျေးတန်းကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးကာ ၈၀ ဝန်းကျင်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကြောင့်လည်း စစ်တွေဒေသခံတွေ စိုးရိမ်မှုပိုမြင့်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အခုအခါ စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်တွေမှ ဘေးကင်းမယ်ယူဆတဲ့ နေရာတွေကိုတိမ်းရှောင်လာကြတဲ့စစ်ဘေးရှောင်တွေဟာ သိန်းဂဏန်းရှိနေပြီဖြစ်ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

“မြို့ထဲမှာက လူထက်ဝက်နီးပါးလောက်တော့ ကျန်အုံးမယ်၊ ပြေးဖို့လမ်းတွေအဆင်မပြေလို့ မပြေးတဲ့သူတွေရှိတယ်၊ တချို့ကျတော့လည်း ပိုက်ဆံမတတ်နိုင်ဘူးလေ၊ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းတခေါက်သွားဖို့တောင် သိန်းဆယ်ဂဏန်းကုန်နေတာ”လို့ စစ်တွေမြို့မှာ ရှိနေသေးတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်တွေမြို့မှာ လူဦးရေတသိန်းခွဲလောက်ရှိတယ်လို့လည်း ဌာနဆိုင်ရာစာရင်းတွေအရသိရပါတယ်။

လက်ရှိမှာ AA ဟာ စစ်တွေမြို့နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး အရှေ့ဘက် ၁၆မိုင်အကွာ မှာရှိတဲ့ ပေါက်တောမြို့နယ်နဲ့ မြောက်ဘက် မိုင် ၂ ၀ကျော်အကွာမှာရှိတဲ့ ပုဏ္ဏာကျွန်းမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်မှာလည်း မြို့ပေါ်တပ်ရင်းတွေကလွှဲလို့ ဒေသတခုလုံးကို ထိန်းချုပ်ထားပါတယ်။ 

ဒါ့ကြောင့် စစ်တွေပေါ်မှာရှိတဲ့ စစ်ကောင်စီအစိုးရအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေအတွက် အနောက်ဘက်ပင်လယ်ရေကြောင်းထွက်ပေါက်နဲ့ လေကြောင်းထွက်ပေါက်တို့သာ ကျန်တော့တာပါ။

“လေးဖက်လေးတန် ဝိုင်းခံထားရပြီ”လို့ စစ်ရေးနဲ့နီးစပ်တဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

အခုအခါ စစ်တွေမြို့နယ်အတွင်း AA နဲ့ စစ်ကောင်စီတို့ကြား ရင်ဆိုင်တိုက်ပွဲတွေမရှိသေးပေမယ့် စစ်ကောင်စီတပ်ရင်းတွေနဲ့ အနီးဆုံးနေရာ ပုဏ္ဏာကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်အစပ်တို့မှာတော့ တိုက်ပွဲတွေ ကြိုကြားကြိုကြား ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တွေမြို့နယ်မှာ ဒကစ၊ လက်ရုံးတပ်တွေအပါအ၀င် စစ်ကောင်စီလက် အောက်ခံတပ်ရင်း ဆယ်ခု ၀နျးကငြျ ရှိပါတယ်။

ရခိုင်ဒေသတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ တိုက်ပွဲသုံးလကျော်အတွင်း မြို့နယ်ခုနှစ်ခုကို သိမ်းပိုက်ထားပြီး ပြည်နယ်မြောက်ပိုင်းမှာဆိုရင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တို့နဲ့ မြို့တော်စစ်တွေတို့သာ ကျန်နေတော့ပါ။

“မြောက်ပိုင်းမှာ စမတိုက်သေးတာ စစ်တွေတခုပဲ ကျန်မယ်၊ ရခိုင်တပြည်လုံး စစ်ကောင်စီကင်းအောင်လုပ်မယ်ကြေငြာထားတော့ စစ်တွေလည်း လာမှာပဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ပြီးရင်  စမယ်ထင်တယ်”လို့ စစ်ရေးအခြေအနေတွေကို ပုံမှန်စောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အလယ်ပိုင်းရှိ ရမ်ဗြဲနဲ့ တောင်ပိုင်းရှိ တောင်ကုတ်မြို့နယ်တို့မှာ ထိုးစစ်ဆင်တွေ ဆက်တိုက်ပြုလုပ်နေတာပါ။

ရခိုင်ဒေသတခုလုံးမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကျန်နေသေးတဲ့မြို့တွေကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ လက်ချက်အညံ့ခံကြဖို့ AA က မကြာခဏ သတိပေးနေပါတယ်။