ထိုင်းဘုန်းတော်ကြီးတပါး အသတ်ခံရမှုဂယက် ထိုင်းရောက်မြန်မာတွေ သတိပြုဖို့တိုက်တွန်း

မတ်၊ ၆
 
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းကျောင်းထိုင်ဆရာတော်တပါးကို မြန်မာနိုင်ငံသားတဦးက အုတ်ခဲနဲ့ ထုသတ်လိုက်တဲ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသားတွေအပေါ်ကို သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် သတိထား သွားလာနေထိုင်ကြဖို့ မြန်မာ့အရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
“အစကတည်းက မဲဆောက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံသားအများစုက အမြင်မကြည်ကြဘူးဆိုတာ လူတိုင်းသိတယ်၊ သူတို့လုပ်နေတဲ့ စီးပွားရေးတွေကို တရားမဝင်လုပ်နေကြတာလေ၊ အများကြီးပါပဲ၊ ဒီဖြစ်စဉ်ကြောင့် သက်ရောက်မှုက ရှိလာမှာပဲ၊ သတိထားသွားလာနေထိုင်ဖို့ပဲ ပြောချင်တယ်” လို့ မဲဆောက်မြို့မှာ မြန်မာရွေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေသူတဦးက DNA ကို ပြောပါတယ်။
 
မဲဆောက်မြို့အနီး မယ်ကုကျေးရွာရှိ ထိုင်းဘုန်းတော်ကြီးကျောင်းတခုမှာ ကျောင်ထိုင်ဆရာတော်တပါးကို မြန်မာနိုင်ငံသားတဦးက ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ ထိုင်းဘတ်ငွေ ခုနှစ်ရာ တောင်းခံရာမှ မပေးတဲ့အတွက် အုတ်ခဲနဲ့ ငါးချက် ထုရိုက်သတ်လိုက်တာ ဖြစ်ပါတယ်။
 
ထိုင်းကျောင်းထိုင်ဆရာတော်ကို အုတ်ခဲနဲ့ ထုသတ်ခဲ့တဲ့သူကို ထိုင်းအာဏာပိုင်တွေက မတ်လ ၄ ရက်နေ့မှာ မဲဆောက်မြို့တနေရာမှာ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
ထိုင်းကျောင်းထိုင်ဆရာတော်ကို အုတ်ခဲနဲ့ ထုရိုက်သတ်လိုက်တဲ့သူဟာ ကရင်နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်ဟောင်း မောင်ဝင်းကျော်ဘို ဖြစ်ပြီး သူဟာ အဲဒီဆရာတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းအာဏာပိုင်တွေက ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို ကျူးလွန်ခဲ့ပုံ သရုပ်ပြစစ်ချက်ယူတဲ့အချိန်မှာ ထိုင်းနိုင်ငံသားတချို့က ဝိုင်းဝန်းထုရိုက်ဆဲဆိုနေတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို ကြည့်ချင်းအားဖြင့် မြန်မာနိုင်ငံသားတွေအပေါ်ကို ထိုင်းနိုင်ငံသားတွေက အထင်သေး အမြင်မကြည်တာတွေကို ရှိနေတာကို တွေ့ရှိရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
 
ဒါကြောင့် မဲဆောက်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုဖြစ်စဉ်ကြောင့် ဖမ်းဆီးမှုတွေ ပိုမိုများပြားလာနိုင်သလို တရားမဝင်နေထိုင်တဲ့သူတွေ ပိုပြီးသတိထားကြဖို့ လိုအပ်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
 
“မီးသွေးပေါ်ကို ဓါတ်ဆီလောင်းလိုက်သလိုပဲ၊ အမြင်စောင်းတာတွေ ရှိလာတယ်၊ လုံခြုံရေးတပ်ဖွဲ့တွေဆိုရင်လည်း နဂိုကတည်းကမှ မြန်မာတွေဆိုရင် ATM စက်လို သဘောထားပြီး ဘယ်လိုနည်းနဲ့ နှိပ်စက်ပြုမူရမလဲဆိုတာ ရှိနေတော့ နဂိုကတည်းက သတိထားနေရတာ ပိုပြီး သတိထားရတာပေါ့” လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
 
ဒါဟာ မြန်မာနိုင်ငံသားတွေအပေါ်ကို ထိုင်းနိုင်ငံသားတွေက ယုံကြည်မှုကင်းမဲ့လာနိုင်တဲ့အတွက် ဒေသခံထိုင်းလူမျိုးတွေ အပတ်စဉ်ပြုလုပ်ကြတဲ့ လူမှုရေးပွဲ၊ ဘာသာရေးပွဲ၊ ယဉ်ကျေးမှုပွဲ၊ ရပ်ရွာစုပေါင်းသန့်ရှင်းရေးပွဲမှာ အတူတကွ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ သူက အကြုံပြုပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ၊ သာမန်အရပ်သားပြည်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဓိကတိမ်းရှောင် ခိုလှုံနေကြတာ ဖြစ်ပါတယ်။
 
ဒီလိုတိမ်းရှောင်လာကြတဲ့သူတွေဟာ တရားဝင်အထောက်အထားနဲ့ နေထိုင်ကြသူများရှိပေမယ့် အရေအတွက် နည်းပါးပြီး အများစုကတော့ တရားမဝင်နေထိုင်နေကြတာ ဖြစ်ပါတယ်။
 
ဒီလုပ်ရပ်ကြောင့် ထိုင်းနိုင်ငံသားအိမ်ရှင်အများစုက မြန်မာနိုင်ငံသားတွေ ငှားရမ်းနေထိုင်တဲ့အိမ်တွေကို ထပ်မံငှားရမ်းပေးဖို့ စဉ်းစားချက်တွေ ဖြစ်လာနိုင်သလို ငှားရမ်းထားတဲ့ နေအိမ်တွေမှာ တရားမဝင် နေထိုင်ကြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းအာဏာပိုင်တွေကို တိုင်ကြားတာမျိုးတွေလည်း ပြုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
 
“အထောက်အထားမဲ့တွေကလည်း သိန်းချီရှိနေတာ နယ်စပ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာတွေမှာ နေနေတာတွေ၊ ရှောင်နေတာ အများကြီးပေါ့၊ အဲဒါတွေကပါ ဖမ်းခံရနိုင်တယ်” လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ဒါရိုက်တာ ကိုသားကြီးက ပြောပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ အထင်အမြင်သေးစေတဲ့ လုပ်ရပ်တွေ၊ အပြုအမူတွေ မပြုမူကြဖို့နဲ့ ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 
တဖက်မှာလည်း မြန်မာစစ်တပ်က လာမယ့် ဧပြီလကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ စတင်ဆင့်ခေါ်မယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတွက် မြန်မာနိုင်ငံသားအများစုက အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းကရော နေ့စဉ်နဲ့အမျှ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
 
ဒီလိုမျိုး တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို နိုင်ငံဝန်ကြီးချုပ်က ဥပဒေအရ အရေးယူဖမ်းဆီးသွားမယ်လို့ သတိပေးပြောဆိုထားသလို မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်း နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားဖို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက အခုလဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
တာ့ခ်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ငါးသိန်းကျော်လောက်ရှိတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေထံကနေ သိရပါတယ်။
 
“ဒီမှာက နေထိုင်ဖို့ တနေ့ထက်တနေ့ ကျပ်တည်းလာတယ်၊ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ် ဆိုတဲ့စကားပုံအတိုင်းပဲ ကိုယ်တွေမြန်မာကို အထင်သေးတဲ့သူတွေက များလာတယ်၊ ဟိုတနေ့လုပ်ရပ်ဖြစ်ပြီးတော့ အပြင်ထွက်ရင်တောင် သတိထားနေရတာ၊ ထိုင်းတွေ ကြည့်တဲ့ အကြည့်က အရင်ကနဲ့မတူဘူး” လို့ မဲဆောက်မြို့ မယ်ကုကျေးရွာမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media