နေ့စဉ်စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကိုင်းတိုင်းမှာလုပ်မယ့် စစ်ကောင်စီ ‘အ’သုံးလုံးစီမံချက် ဝေဖန်ခံနေရ

မတ်၊ ၆
 
အာဏာသိမ်းပြီးနောက် နေ့စဉ်စစ်ကြောင်းထိုး မီးရှို့ခံရတာနဲ့ တိုက်ပွဲတွေ၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ‘အ’သုံးလုံး စီမံချက်လုပ်ဖို့ စစ်ကောင်စီကပြ င်ဆင်နေတာဟာ လက်တွေ့နဲ့ကင်းကွာတဲ့ လုပ်ရပ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ကြပါတယ်။
 
“ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ကိစ္စတွေက များတယ်ဆိုတော့ သူတို့ဘာလုပ်လုပ် ဘယ်ပြည်သူမှ အကောင်းမြင်မှာ မဟုတ်ဘူး ” လို့ မုံရွာမြို့နယ်အတွင်းက အလယ်တန်းပြ ဆရာမတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်နေချိန် တိုင်းနဲ့ပြည်နယ်ဒေသတချို့မှာ စာမတတ်သူပပျောက်ရေးဆိုပြီး ‘အ’သုံးလုံး စီမံချက်တွေ လုပ်ဖို့ကြိုးစားနေပြီး စစ်ကိုင်းတိုင်းမှာလည်း အဲဒီစီမံချက်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က မုံရွာမြို့မှာ စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
 
စစ်ကောင်စီခန့် တိုင်း၀န်ကြီးချူပ် ဦမြတ်ကျော် ဦးဆောင်တဲ့အဖွဲ့က တိုင်းအတွင်းရှိ စာမတတ်သူတွေ ပပျောက်စေဖို့လို့ဆိုကာ ကျေးလက်နေပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေထဲမှာ စာမတက်မြောက်သူတွေကို စာရင်းပြုစုပြီး ‘အ’ သုံးလုံး စီမံချက်နဲ့ စာသင်ကြားပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီရဲ့ အဲဒီစီမံချက်တွေက သူတို့အုပ်ချူပ်မှု ရှိနေသေးတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အလုပ်ဖြစ်ကောင်းနိုင်ပေမယ့် ကျေးလက်ဒေသတွေမှာတော့ လက်ရှိ အခြေအနေတွေအရ လုပ်နိုင်မှာ မဟုတ်သေးဘူးလို့ အထက်ပါ အလယ် တန်းပြဆရာမက ပြောပါတယ်။
 
“ကျွန်မတို့ နယ်ဘက်ကတော့ မဖြစ်နိုင်ဘူး ဘာလို့လည်းဆိုတော့ သူတို့ စစ်ကြောင်းထိုးရင် ညလူခြေတိတ်ချိန်လောက် ထိုးနိုင်တော့တယ်၊ ဟိုအရင်ကလို နေ့ခင်းတွေ စစ်ကြောင်းက မ၀င်နိုင်တော့ဘူးဆိုတော့ ‘အ’ သုံးလုံး လာသင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး ” လို့ သူက ဆိုပါတယ်။
 
အာဏာသိမ်းပြီးနောက် CDM ဝင်ခဲ့တဲ့ အဲဒီကျောင်းဆရာမဟာ လက်ရှိမှာတော့ ဒီပဲယင်းမြို့နယ်ထဲက ပြည်သူ့စာသင်ကျောင်းတခုမှာ သင်ကြားပေးနေပါတယ်။ ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းပြီးနောက် နေအိမ် ခြောက်ထောင်ကျော်လောက် မီးရှို့ခံထားရပြီး တနိုင်ငံလုံးမှာ စစ်ကောင်စီလက်ချက်နဲ့ နေအိမ်အများဆုံး မီးရှို့ခံထားရတဲ့ မြို့နယ်ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက ကျောင်းဖွင့်ချိန်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်စီးနင်းခဲ့တာကြောင့် ကလေးခုနစ်ဦးအပါအဝင် လူ တဒါဇင်ကျော် သေဆုံးခဲ့တဲ့ လက်ယက်ကုန်း ကျေးရွာဟာလည်း ဒီပဲယင်းမြို့နယ်ထဲက ရွာတရွာဖြစ်ပါတယ်။
 
စစ်အစိုးရတွေအနေနဲ့ ပညာရေးနဲ့ပက်သက်ပြီး ခေတ်အဆက်ဆက် ပြည်သူလူထုအပေါ် ဂရုစိုက်ခဲ့တာမျိုး မရှိတဲ့အတွက် အခုလို နိုင်ငံတ၀န်း တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ပညာရေးကို ဂရုစိုက်ပြတယ်ဆိုတာ ဟန်ပြသာ ဖြစ်တယ်လို့လည်း အထက်ပါ CDM ကျောင်းဆရာမက ဝေဖန်ပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့က စာသင်ကျောင်းတွေကိုသာ စစ်ကောင်စီက ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်ကျေးလက်ဒေသက စာသင်ကျောင်းတွေကိုတော့ ပြန်လည်မဖွင့်လှစ်နိုင်ခဲ့ပါဘူး။
 
ဒါကြောင့် အဲဒီလို ဒေသတွေက ကလေးငယ်တွေကို ပညာသင်ကြားနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရက CDM ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းပြီး စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးတာရှိသလို ကိုယ်ထူကိုယ်ထစနစ်နဲ့ ကလေးတွေကို စာသင်ကြားပေးနေတာမျိုးလည်း ရှိပါတယ်။
 
ရွှေဘိုမြို့နယ်အတွင်းက စစ်ရှောင်ကလေးငယ်တွေ စာသင်ကြားနိုင်ဖို့ ကူညီပေးမှုတွေ လုပ်ဆောင်နေတဲ့ S&G မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင် ကတော့ စစ်ကောင်စီရဲ့ အသုံးလုံးစီမံချက်တွေက ခေတ်နောက်ပြန်ဆွဲနေတဲ့ပုံစံသာ ဖြစ်နေတဲ့ အတွက် ထွေထွေထူးထူး ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
 
“သူတို့နဲ့တောင် မပတ်သက်ချင်လို့ သူတို့ဖွင့်ပေးထားတဲ့ ကျောင်းတောင် မတက်ဘဲ တခြားမှာ ဖြစ်သလို သင်နေကြတာဆို တော့ ဖြစ်တာတော့ မဖြစ်နိုင်ဘူး ” လို့ သူကဆိုပါတယ်။
 
လက်တလော ရွှေဘို၊ ရေဦး၊ ခင်ဦးနယ် တလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေသေးသေးသလို စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး၀င်ရောက်လာတာနဲ့ ဒေသခံပြည်သူတွေက ထွက်ပြေးနေရသေးတယ်လို့ သူကဆက်ပြောပါတယ်။
 
“ အ သုံးလုံးဆိုတာက ကျွန်တော်တို့သိသလောက်ပေါ့နော် လူကြီးတွေကို ပညာမတတ်သူတွေကို သင်တာပေါ့။ အခုဦး ဆောင်နေတာက လူငယ်တွေဆိုတော့ ဘာမှထူးမယ်တော့ မထင်ဘူး။ နောက်လူကြီးတွေကလည်း သူတို့ကလေးတွေ ပညာရေးအတွက်တောင် မနည်းရုန်းနေရတာဆိုတော့ လွယ်တော့ မလွယ်နိုင်ဘူး ” လို့ ကိုစိုးမိုးအောင် ကပြောပါတယ်။
 
အရင်အစိုးရ အဆက်ဆက်က ကျေးလက်နေပြည်သူတွေ စာတက်မြောက်ဖို့အတွက် မြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး နွေကျောင်းပိတ်ရက်တွေမှာ ကျေးရွာတွေကို လိုက်လံ စာသင်ကြားပေးတာတွေ လုပ်ဆောင်ခဲ့တာပါ။
 
လက်ရှိစစ်ကောင်စီကလည်း ကျေးလက်နေပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေထဲက စာမတတ်သူတွေ စိစစ်စာရင်းပြုစုပြီး စာသင်ကြားပေးကာ စာမတတ်သူတွေ ပပျောက်သွားဖို့ ရည်ရွယ်ပြီး အခုစီမံချက်ကို ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
 
ဒီလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က မနေ့က အစည်းအဝေးမှာ ပြောပါတယ်။
 
ဒါပေမယ့် လက်ရှိ ကျေးလက်ဒေသတွေမှာ အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးတွေ အားကောင်းကာ တိုက်ပွဲတွေဖြစ်နေသလို စစ်တပ်ကလည်း အရပ်သားတွေကို ဦးတည်ဖမ်းဆီး သတ်ဖြတ်နေတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေလည်း အရင်လို စာသင်ပေးဖို့ စိတ်၀င်စားမှာ မဟုတ်ဘူးလို့ မုံရွာမြို့နေ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။
 
“ စစ်တပ်အုပ်ချူပ်တယ်ဆိုပေမယ့် ကြားနေသဘောနဲ့ စာသင်နေတဲ့ ကျောင်းသားတချို့လောက်ပဲ စိတ်၀င်စားလိမ့်မယ်၊ ဘယ်သူမှတော့ လိုက်ချင်မယ်မထင်ဘူး၊ ကိုယ်အသက်အန္တရာယ်ဖြစ်နိင်တဲ့ ကိစ္စဆိုတော့လေ မုံရွာတက္ကသိုလ်တွေမှာတော့ ‘အ’သုံးလုံးအတွက် လူစုတာမျိုးတွေမ ကြားမိဘူး ” လို့သူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီဟာ မွန်ပြည်နယ်မှာလည်း နွေရာသီကျောင်းပိတ်ကာလအတွင်း ‘အ’သုံးလုံး သင်ကြားမှုတွေ လုပ်ဖို့ စီစဉ်နေပြီး အဲဒီမှာတော့ သင်ကြားရေးအတွက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို စည်းရုံးပြီး စာရင်းကောက်ယူတာမျိုးတွေ လုပ်နေပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီက လေကြောင်းကနေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။