မတ်၊ ၆
Facebook၊ Instagramနဲ့ Messengerတို့လို ဝန်ဆောင်မှုတွေ ယာယီ ပြတ်တောက်ခဲ့ခြင်းနဲ့အတူ Meta ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။
မတ်လ ၅ ရက် ညပိုင်းတုန်းက ကမ္ဘာအနှံ့မှာ Metaရဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတွေ ၂ နာရီ ဝန်းကျင်လောက် ပြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။ Facebookနဲ့ Instagramတို့လို လူမှုကွန်ရက် အသုံးပြုသူတွေဟာ ကိုယ်ပိုင် အကောင့်တွေကို Login ဝင်လို့မရတဲ့ ပြဿနာမျိုးတွေနဲ့ ကြုံခဲ့တာပါ။
Facebookရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက နည်းပညာပိုင်း ချွတ်ယွင်းမှု တခုကြောင့် အဲဒီ အခြေအနေမျိုးတွေ ကြုံခဲ့ရတာလို့ ဖြေရှင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ပြဿနာ ပြေလည်သွားပြီလို့ ကြေညာခဲ့ပါတယ်။
အဲဒီအတောအတွင်း Facebook၊ Instagramနဲ့ Messengerတို့ကို အသုံးပြုသူတွေ ဘီလီယံနဲ့ချီပြီး အကောင့်တွေ သုံးလို့မရဘဲ ဖြစ်နေခဲ့ပါတယ်။ သုံးစွဲသူတွေကြား ဆူဆူညံညံ ပွက်လောရိုက်သွားခဲ့ခြင်းက Metaရဲ့ ရှယ်ယာစျေးကွက် တန်ဖိုးအပေါ် သက်ရောက် ထိခိုက်မှု ရှိခဲ့ပြီး နောက်တနေ့မှာတော့ ရှယ်ယာ တခုချင်း တန်ဖိုးဟာ ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
စျေးကွက် သုတေသီတွေကတော့ Facebookထူထောင်သူ မတ်ခ်ဇူကာဘက်ဂ်အတွက် တမနက်တည်း ကာလလေးအတွင်း ဒေါ်လာ သန်း ၁၀၀ လောက် ဝင်ငွေ ဆုံးရှုံးမှုတွေ ရှိခဲ့လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
ဒါပေမဲ့ ဒီတကြိမ် Metaရဲ့ ဝန်ဆောင်မှုတွေ ရပ်တန့်ခဲ့ခြင်းက ၂၀၂၁ ခုနှစ်က အလားတူ အခြေအနေလောက်တော့ မဆိုးခဲ့ပါဘူး။ အဲဒီတုန်းက Facebook၊ Instagramနဲ့ Whatsappတို့ဟာ ကမ္ဘာအနှံ့မှာ ၇ နာရီလောက် အသုံးပြုလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
Metaက အခုလို ဝန်ဆောင်မှုတွေ ပြတ်တောက်ခြင်းရဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီ လက်အောက်ခံ လူမှုကွန်ရက်တွေကြား ချိတ်ဆက်မှု မူဝါဒတွေကို အပြောင်းအလဲလုပ်ရင်း ကုတ်ဒ်ပိုင်းဆိုင်ရာ အမှားတချို့ ကြုံခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေတော့ ပျံ့နှံ့နေပါတယ်။
Ref: CNet