ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား တိုက်ပွဲတွေမှာ ပါဝင်တာမရှိဘူးလို့ AA တုံ့ပြန်

မတ်၊ ၅
 
ချင်းပြည်နယ်၊ မရာဒေသထဲမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးတာ မရှိဘူးလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၄ ရက်၊ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပါတယ်။
 
“ဒီလိုမျိုးတွေမှာ ကျနော်တို့ ပံ့ပိုးပါဝင်နေတာ လုံးဝလုံးဝကို မရှိဘူးဆိုတာကို ကျနော်တို့အနေနဲ့ အခိုင်အမာ ပြောလိုပါတယ်” လို့ ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်ဘာသာစကားနဲ့ ရှင်းလင်းသွားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်နေတဲ့ အခုလိုအချိန်မှာ အချင်းချင်းကြား ပဋိပက္ခဖြစ်ပြီး တိုက်ခိုက်နေတာတွေကိုလည်း လုံးဝအားမပေးဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။
 
ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်နဲ့ မတူပီမြို့နယ်တွေက မရာလူမျိုးတွေ နေထိုင်ရာ ဒေသမှာ မရာလူမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ နှစ်ခုဖြစ်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF Mara) နဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ကြား နှစ်ဖက် ပဋိပက္ခတွေ ရှိနေတာ နှစ်နှစ်နီးပါး ရှိနေပါပြီ။
 
အဲဒီ မရာဒေသမှာ CDF Mara က ချင်းအမျိုးသားတပ်ဦး (CNF/CNA) တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလှုပ်ရှားပြီး MDF ကတော့ AA တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလှုပ်ရှားတာ ရှိပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတော့ ပလက်ဝမြို့နယ်၊ ပိုက်တေကျေးရွာအနီး MDF နဲ့ CDF Mara၊ CNA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CNA တပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့တဲ့အပြင် သေနတ် ငါးလက်ကိုလည်း MDF ဘက်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ပစ်ခတ်မှုဖြစ်ပြီး CDF Mara တပ်ဖွဲ့ဝင်တဦးနဲ့ သူ့မဟာမိတ် CNA တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါတယ်။
 
လိုင်လင်းပီမြို့အနီး တိုက်ပွဲအပြီးမှာတော့ အိန္ဒိယနယ်စပ်၊ မတူပီမြို့နယ်ထဲမှာရှိတဲ့ MDF ရဲ့ ဌာနခွဲစခန်းကို CNA နဲ့ CDF Mara ပူးပေါင်းတပ်က ဖေဖော်ဝါရီ အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စခန်းတခုကိုလည်း သိမ်းပိုက်မီးရှို့ခဲ့ပြီး စခန်းရှိ လက်နက်ခဲယမ်းတွေ၊ ကားတစီးနဲ့ ဆေးဝါးပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ပါသေးတယ်။
 
CDF Mara နဲ့ နီးစပ်သူတွေကတော့ အဲဒီလို မရာဒေသက တိုက်ပွဲတွေမှာ MDF ဘက်က AA ဝင်တိုက်ပေးနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေတာပါ။
 
MDF ဘက်ကတော့ ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာသာ AA နဲ့ ပူးပေါင်းတိုက်ခိုက်တာရှိပြီး အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ AA ပါဝင်တာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
 
“ဒါကတော့ စွပ်ဆွဲချက်ပါပဲ၊ AA က မပါပါဘူးဗျ” လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က MDF ပြန်ကြားရေး တာဝန်ခံက DNA ကို ပြောခဲ့ပါသေးတယ်။
 
ဦးခိုင်သုခကတော့ အဲဒီလို အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ AA ပါဝင်တယ်ဆိုတာ ကောလဟာလသတင်းသာဖြစ်ပြီး ULA/AA ကို နိုင်ငံရေးအရ အပုပ်ချတဲ့ လုပ်ရပ်လို့ ရှုမြင်ကြောင်းလည်း ပြောသွားပါတယ်။
 
ULA/AA ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး CDF Mara ကို Delta News Agency က ဆက်သွယ်မေးမြန်းထားပေးမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
 
အခုလို အချင်းချင်းကြား ပစ်ခတ်မှုအထိ မဖြစ်ခင် ဇန်နဝါရီလအစောပိုင်းကတော့ MDF ဘက်က ဖမ်းဆီးခဲ့တဲ့ CDF Mara တပ်ဖွဲ့ဝင် ငါးဦးအထိရှိခဲ့ပြီး သူတို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးထားတဲ့အကြောင်းလည်း MDF တာဝန်ရှိသူက အတည်ပြုပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကလည်း MDF နဲ့ CDF Mara တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး CDF Mara တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့လို့ လက်ရှိအချိန်ထိဆို အချင်းချင်းပစ်ခတ်မှုအတွင်း CDF Mara တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ CNA တပ်ဖွဲ့ဝင် ငါးဦးအထိ ကျဆုံးထားပါတယ်။
 
အလားတူပဲ နှစ်ဖက် ပစ်ခတ်မှုတွေအတွင်း MDF ဘက်ကလည်း ထိခိုက်မှုတွေရှိပြီး အတိအကျတော့ မသိရပါဘူး။
 
အခုလို မရာဒေသက ပဋိပက္ခဖြစ်စဥ်မှာ အဓိကကျတဲ့ CDF Mara နဲ့ MDF နှစ်ဖွဲ့စလုံးဟာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် မရာလူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပြီး အရင်ကတော့ အတူတူပူးပေါင်းလုပ်ဆောင်ခဲ့ကြဖူးပါတယ်။
နှစ်ဖွဲ့ကွဲသွားပြီးနောက်မှာလည်း MDF ကတော့ AA နဲ့ ပူးပေါင်းပြီး ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ပါဝင်ထားသလို CDF Mara ကတော့ CNF/CNA နဲ့ လက်တွဲပြီး လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲဆင်နွှဲထားတာပါ။
 
MDF ဟာ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC)ရဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး CDF Mara ကတော့ ကြားကာလ မရာနယ်ကောင်စီ (IMC)ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာပါ။
 
MTC နဲ့ IMC နှစ်ဖွဲ့စလုံးကတော့ လိုင်လင်းပီမြို့အပြင် ကျေးရွာပေါင်း ငါးဆယ်လောက်ရှိတဲ့ မရာဒေသမှာ စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ အပြိုင် ကြိုးပမ်းနေကြပြီး အချင်းချင်းကြားမှာ မပြေလည်တာမျိုးတွေ ရှိနေတာပါ။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ကတော့ မရာနယ်မြေအတွင်း MDF ကလွဲပြီး တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာကြဖို့ MTC က ထုတ်ပြန်ထားသလို အခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း MTC အုပ်ချုပ်ရေးနယ်မြေအတွင်း ဘယ်တပ်ဖွဲ့မှ ကြိုတင်အသိမပေးဘဲ တပ်စွဲတာ၊ သွားလာလှုပ်ရှားတာ မလုပ်ကြဖို့ နောက်ဆုံးသတိပေးတယ်လို့ MDF က ထပ်ဆင့်ထုတ်ပြန်ထားပါတယ်။
 
အခုလို လူမျိုးတူ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပဋိပက္ခကြောင့် သွေးထွက်သံယိုမဖြစ်အောင်တော့ တာဝန်ရှိသူတွေအချင်းချင်း နှစ်ကြိမ်ထက်မနည်း ညှိနှိုင်းခဲ့ဖူးပေမယ့် အဆင်ပြေမှုတော့ မရခဲ့ဘူးလို့ သိရပါတယ်။
 
ဒါ့အပြင် လက်ရှိအချိန်အထိလည်း CDF Mara ရော MDF ရောက ပဋိပက္ခပြေလည်မှုရအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးဖြေရှင်းလိုကြောင်း DNA ကို ပြောထားဖူးပေမယ့် အခုထိတော့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းတာ မရှိသေးပါဘူး။
 
ဓာတ်ပုံ – AA Info Desk
ပုံစာ – ပလက်ဝ စခန်းသိမ်းတိုက်ပွဲတခုအပြီး AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်