တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခြိမ်းခြောက်

မတ်၊ ၅

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေကို ရပ်တန်းကရပ်ဖို့၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မတ်လ ၄ ရက်နေ့မှာ စတင်ခဲ့တဲ့နောက် မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာဘော်ကို ကိုးကားပြီး အစိုးရပိုင် KCNA သတင်းဌာနက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မဟာမိတ်နှစ်နိုင်ငံကြား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားအတွက် အမြဲတမ်း အမျက်ထွက်စရာ ဖြစ်နေပြီး ကျူးကျော်စစ်အတွက် ပြင်ဆင်နေတာလို့ မြောက်ကိုရီးယားက စွပ်စွဲလေ့ ရှိပါတယ်။

အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာတော့ မနှစ်ကထက် နှစ်ဖက် တပ်ဖွဲ့ဝင်အင်အား နှစ်ဆလောက် တိုးလာတယ်လို့ တောင်ကိုရီးယား စစ်ရေးဗဟို ကွပ်ကဲမှု ဌာနက ကြေညာထားပါတယ်။ အဲဒါကလည်း မြောက်ကိုရီးယားက နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် ခြိမ်းခြောက်မှုတွေကို သိသိသာသာ တိုးမြှင့်လာတာကို တုံ့ပြန်တဲ့ သဘောလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နာမည်ဖော်မပြတဲ့ ထိပ်တန်း အရာရှိ တဦးက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်လိုပြီး အဆင်ခြင်မဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ ဘယ်တုန်းကမှ ခံစစ်အတွက် ပြင်ဆင်တာမျိုး မဟုတ်ဘဲ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတာသာဖြစ်ကြောင်း KCNAကို ပြောကြားခဲ့ပါတယ်။

ဒီလိုပုံစံမျိုးအတိုင်း ဆက်သွားနေမယ်ဆိုရင် သေးသေးမွှားမွှား ပွတ်တိုက်မှုလေး တခုကတင် နျူကလီးယား စစ်ပွဲကို အစပြုလိုက်လို ဖြစ်သွားစေနိုင်တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နောက်ထပ် ပြောရေးဆိုခွင့်ရ အရာရှိ တဦးရဲ့ အဆိုကို ကိုးကားပြီး KCNAက ခြိမ်းခြောက် ဖော်ပြသွားပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားဖက်က စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုမှုနဲ့ ရန်စမှုတွေကို တုံ့ပြန် ကာကွယ်ဖို့သာ အဲဒီ လေ့ကျင့်မှုတွေကို ရည်ရွယ် လုပ်ဆောင်ခဲ့တာလို့ ကြေညာသွားပါတယ်။

Freedom Shieldလို့ နာမည်ပေးထားတဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ၁၀ ရက် ကြာမြင့်မှာဖြစ်ပြီး မတ်လ ၁၄ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။ တောင်ကိုရီးယား စစ်ဖက်ကတော့ အဲဒီ လေ့ကျင့်မှုရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ချိုးနှိမ်ဖို့၊ အထူးသဖြင့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားတဲ့ ခရုစ်ဒုံးကျည်တွေကို ရှာဖွေဖော်ထုတ်ပြီး ဖျက်ဆီးပစ်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာလို့ ပြောကြားထားပါတယ်။

 

Ref: Reuters