စစ်မှုထမ်းဥပဒေအရရောက်လာမယ့် လူသစ်တွေအတွက် သင်တန်းကျောင်းတွေ စီစဉ်ထားပြီးပြီလို့ဆို

မတ်၊ ၅
 
စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တလမပြည့်ခင်မှာပဲ စစ်သင်တန်းတွေ အဆက် မပြတ်ဖွင့်လှစ်သင်ကြားနိုင်ဖို့အတွက် သင်တန်းကျောင်းတွေ လျာထားစီစဉ်ပြီးဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ ဥက္ကဌက ပြောပါတယ်။
 
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့နောက် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီး အဲဒီအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကိုမနေ့က ပြုလုပ်ခဲ့ပါတယ်။
 
ပြည်သူ့စစ်မှုထမ်း လေ့ကျင့်ရေးအလုပ်အဖွဲ့အနေနဲ့ သင်တန်းတွေ အဆက်မပြတ်ဖွင့်နိုင်ဖို့ သင်တန်းကျောင်းတွေ လျာထားစီစဉ်ပြီးဖြစ်တယ်လို့ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောပေမယ့် ဘယ်မြို့နယ်တွေမှာ စီစဉ်ထားတယ်ဆိုတာတော့ ထည့်ပြောတာ မရှိပါဘူး။
 
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲရေးနဲ့ စံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။
 
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေကို စစ်ကောင်စီက မြန်မြန်ဆန်ဆန်ဆက်လက်ရေးဆွဲနေပြီး မနေ့က အစည်းအဝေးမတိုင်ခင်အထိ နည်းဥပဒေ တတိယမူကြမ်းအထိ ရေးဆွဲပြီးပြီလို့ ဆိုပါတယ်။
 
မနေ့က အစည်းအဝေးအပြီးမှာလည်း စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြည်သူ့စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေအတိုင်း အချိန်မီပြီးအောင်လုပ်ဖို့၊ တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တွေအထိ ဆက်လက်အသိပေးဖို့ ထပ်ပြီးတွန်းအားပေးခဲ့ပါတယ်။
 
စစ်ကောင်စီဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၁၀ ခုနှစ်မှာ ရေးဆွဲထားပြီး အာဏာတည်ရက် သတ်မှတ်မထားတာကြောင့် အသက်မဝင်ဘဲ ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
ဒီဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရမှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့ မရှိသေးဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
 
စစ်မှုထမ်းဥပဒေ ပေါ်ပေါက်မလာခင်ကတည်းက နိုင်ငံတဝန်းတိုက်ပွဲတွေမှာ တိုက်ခိုက်ရေးအင်အား လျော့နည်းလာတဲ့ စစ်ကောင်စီတပ်က လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတယ်ဆိုတဲ့ သတင်းတချို့ ထွက်ပေါ်ခဲ့ဖူးပါတယ်။
 
လက်ရှိစစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် အဲ့ဒီဥပဒေအရ အင်အားသစ်တွေ ဆင့်ခေါ် သင်တန်းပေးမှုကို လာမယ့် ဧပြီလ သင်္ကြန်နှစ်သစ်ကူးကာလအပြီးမှာ စတင်မယ်လို့ စစ်ကောင်စီက ပြောထားပေမယ့် နိုင်ငံတဝန်းမှာ လူငယ်တွေ အဖမ်းအဆီးခံရမှု များလာတယ်လို့ ဆိုကြပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကတည်းက စစ်ကောင်စီဟာ တပ်သားသစ်အဖြစ် အတင်းအကျပ် စတင်စုဆောင်း ခေါ်ယူမှုတွေ ရှိခဲ့သလို စစ်မှုထမ်းစေဖို့မဟုတ်ဘဲ လူငယ်တွေကို အကြောင်းရှာဖမ်းဆီးပြီး ငွေကျပ်သိန်းနဲ့ချီ တောင်းကာ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က ပြောထားကြပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဆန့်ကျင်တော်လှန်မှုတွေနဲ့ ကြုံလာရချိန်မှာ အရင်ကတော့ ပျူစောထီး လို့လူသိများတဲ့ စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းကို ပြည်သူ့စစ်တွေအဖြစ် လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်ရေးနဲ့လုံ ခြုံရေးအင်အားကို တိုးချဲ့ခဲ့တာပါ။
 
ဒါပေမယ့် ရှမ်းမြောက်နဲ့ ရခိုင်လို စစ်ကောင်စီတပ်အင်အား ထောင်၊ သောင်းချီ လျော့ကျစေခဲ့တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။
 
လက်ရှိနိုင်ငံ့လူဦးရေအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ နိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း (၁၄သန်း)လောက်ရှိနေပြီး တနှစ်ကို လူဦးရေ ငါးသောင်းဝန်းကျင်လောက် စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ဆိုထားပါတယ်။
 
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေဆိုရင် အသက် ၁၈ ကနေ ၂၇ နှစ်အထိ၊ အမျိုးသားဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်တွေအဖြစ် သတ်မှတ်ခံရသူတွေကတော့ အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ အမျိုးသမီးဆိုရင် အသက် ၃၈ နှစ်အထိ အကျုံးဝင်တာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Google