ဟေတီရဲ့ မြို့တော် တခုလုံးနီးပါးကို ဒုစရိုက်ဂိုဏ်းတွေ ထိန်းချုပ်ထား၊ အစိုးရကို ဖြုတ်ချမယ်လို့ ကြုံးဝါးနေ

မတ်၊ ၅

ဟေတီနိုင်ငံရဲ့ မြို့တော် ဧရိယာ တခုလုံးနီးပါးကို လက်နက်ကိုင် ဒုစရိုက် ဂိုဏ်းတွေက ထိန်းချုပ်ထားလိုက်ပြီးတဲ့နောက် အစိုးရကို ဖြုတ်ချပစ်မယ်လို့ ခြိမ်းခြောက် ရာဇသံ ပေးထားလိုက်ပါတယ်။ 

မတ်လ ၄ ရက်နေ့ထိ အခြေအနေအရ မြို့တော် ပို့တ်အော်ပရင့်စ်ရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ဒုစရိုက် ဂိုဏ်းတွေက စီးနင်း ထိန်းချုပ်ဖို့ ကြိုးစားနေပြီး အောင်မြင်ဖို့လည်း ရာခိုင်နှုန်း များနေတယ်လို့ သိရပါတယ်။

ဟေတီဟာ အကြမ်းဖက် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းတွေရဲ့ တန်ခိုးထွားလာမှုမှာ နှစ်အတော်ကြာ ရုန်းကန်နေရပြီး အခုအခါမှာတော့ အဲဒီ အင်အားစုတွေဟာ အစိုးရရဲ့ အာဏာစက်ကိုပါ တိုက်ရိုက် စိန်ခေါ်လာတာ ဖြစ်ပါတယ်။ မကြာသေးခင်ကတင် ဟေတီရဲ့ အဓိက အကျဉ်းထောင်ကြီး နှစ်ခုကိုပါ ဒုစရိုက် ဂိုဏ်းသားတွေက စီးနင်းပြီး ဒုစရိုက်သမားတွေ အပါအဝင် အကျဉ်းသာ ထောင်ဂဏန်း တော်တော်များများကို လွှတ်ပေးလိုက်ပါတယ်။

အခုဆိုရင် ပို့တ်အူပရင့်စ်ရဲ့ ၈၀ ရာခိုင်နှုန်းထက် မနည်းဟာ လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းတွေရဲ့ လက်အောက်ကို ကျရောက်နေပြီး တူးစိန့် လုဗန်ချာ လေဆိပ်ကလည်း တိုက်ခိုက်ခံရမှုတွေကြောင့် ပိတ်ထားလိုက်ရပါတယ်။

ဟေတီနိုင်ငံ သမိုင်းမှာတော့ မတ်လ ၄ ရက်က ကြုံတွေ့ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အစိုးရအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေလည်း ဖြစ်လာပါတယ်။ ဟေတီ အစိုးရကို ဦးဆောင်နေသူ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီဟာ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကို ကူညီအားဖြည့်ဖို့အတွက် ရဲအင်အား ၄၀၀၀ လောက် စေလွှတ်ပေးဖို့ ကင်ညာ အစိုးရနဲ့ ညှိနှိုင်း သဘောတူခဲ့ပေမယ့် ပို့တ်အူပရင့်စ်မှာ အခြေအနေတွေက လျင်လျင်မြန်မြန် ဆိုးရွားလာနေပါတယ်။ လဆန်းပိုင်းက နိုင်ရိုဘီကို ရောက်နေခဲ့တဲ့နောက်ပိုင်း လောလောဆယ် ဟင်နရီ ဘယ်မှာ ရှိနေသလဲ ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။

လတ်တလောမှာ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဘဏ္ဍာရေးဝန်ကြီး ပက်ထရစ် ဘိုအီဗက်ကတော့ အကြမ်းဖက် ဒုစရိုက်မှုတွေကို ဖြိုခွင်းဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့် အာဏာအကုန် အပ်နှင်းထားတယ်လို့ ပြောပါတယ်။ 

၂၀၂၁ ခုနှစ်တုန်းက ဟေတီ သမ္မတ ဂျိုဗီနယ်လ် မွိုက်ဆေးဟာ နေအိမ်မှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး အဲဒီနောက်ပိုင်း ဟေတီရဲ့ အကြမ်းဖက် ရာဇဝတ်ဂိုဏ်းတွေက ပိုမို ဆိုးသွမ်းလာခဲ့ပါတယ်။ မွိုက်ဆေး လုပ်ကြံခံရပြီးနောက်ပိုင်း ဟေတီမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရုန်းကန်နေရသလို သမ္မတသစ် မတင်မြှောက်နိုင်ဘဲ ဝန်ကြီးချုပ်က လတ်တလော အာဏာထိန်းသိမ်းထားရတာလည်း ဖြစ်ပါတယ်။

 

Ref: AFP