သင်္ဃန်းကျွန်းမြို့နယ်မှာ အုပ်စုဖွဲ့လုယက်မူဖြစ်

မတ်၊ ၄

သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမ၊ လိုင်စင်ရုံးမှတ်တိုင်အနီးမှာ မနေ့က မတ်လ၃ ရက်ညက အမျိုးသမီးတွေပါဝင်တဲ့ လူဆယ်ဦးလောက်က ဘီယာဆိုင်ကထွက်လာသူ ငါးဦးကိုထိုးကြိတ်ပြီးငွေလုယက်မူဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ ၃ရက် ည ၉နာရီခွဲလောက်က ဘီယာဆိုင်ကထွက်လာတဲ့ သူတွေကို အသင့်စောင့်ဆိုင်းကာ အကြမ်းဖက်လုယက်သွားခဲ့တာလို့ ဆိုပါတယ်။

“လုတဲ့အဖွဲ့မှာအမျိုးသမီးတွေလည်းပါတယ်။ ဓါးတွေလည်းပါတယ်။ အလုခံရသူတယောက်ဆို ဒါဏ်ရာအတော်ရသွားတယ်။တခြားသူတွေလည်း ထိုးကြိတ်ခံရတာရှိတယ်။ဖြစ်တဲ့အချိန်ကလမ်းပေါ်မှာလူကရှင်းနေပြီ”လို့ လိုင်စင်ရုံးအနီးနေထိုင်သူတဦးကပြောပါတယ်။

အဲဒီလို အုပ်စုဖွဲ့လုယက်တာကြောင့် အလုခံရသူတွေဆီက ပိုက်ဆံ ဆယ်သိန်းကျော်ပါသွားပြီး အခင်းဖြစ်ပြီးမကြာခင် လှည့်ကင်းရဲကားရောက်လာပေမယ့်လုယက်သူတွေထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လုယက်မူဖြစ်တဲ့နေရာဟာ သင်္ဃန်းကျွန်းမြို့နယ်နဲ့ တောင်ဥက္ကလာမြို့နယ်အစပ်နေရာဖြစ်ပြီး အဲဒီမတိုင်ခင်ကလည်း လုယက်မူတွေမကြာခဏဖြစ်လေ့ရှိတယ်လို့ သူတို့ကပြောပါတယ်။

“ဖုန်းတို့ပိုက်ဆံအိတ်တို့လုတာဆိုမကြာခဏဖြစ်တယ်။ အခုလို အုပ်စုလိုက်ကြီး တိုက်ခိုက်လုတာမျိုးကတော့အရင်ကမရှိဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

အခုလို လုယက်မူတွေရှိလာတာကြောင့် သတိထား၊သွားလာနေကြရတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။

ပုံစာ-သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမတနေရာ