ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ AA ဒုစစ်ဦးစီးချုပ်ပြော

မတ်၊ ၄
 
အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သတ်တဲ့ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်ပါဝင်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို စစ်ကောင်စီနဲ့ AA၊ TNLA၊ MNDAA တို့ပါဝင်တဲ့ ညီနောင် ၃ ဖွဲ့ကြား ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ ရက်နေ့က သဘောတူခဲ့ကြပါတယ်။
 
အဲဒီနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ အတိုင်းအတာတခုအထိ စစ်ရေးအခြေအနေ လျော့ကျခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
 
မနေ့က မတ်လ ၃ ရက် မှာလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ တွေ့ဆုံခဲ့ပြီး သဘာတူညီချက်တချို့ ထွက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
 
အဲဒီထွက်ပေါ်နေတဲ့သတင်းတွေအနက် AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲတယ်လို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ရခိုင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အခြေအနေနဲ့ပတ်သတ်လို့ မေးခွန်းတွေ ရှိနေတာပါ။
 
အဲဒီသတင်းတွေနဲ့ပတ်သတ်လို့ ဒေါက်တာညိုထွန်းအောင်က လက်ရှိမှာ ဟိုင်ဂင်ကိစ္စကိုပဲ ဆွေးနွေးတာဖြစ်ပြီး ဟိုင်ဂင်သဘောတူညီမှုမှာ ရှမ်းမြောက်မှာရှိတဲ့ AA နဲ့ပဲ သက်ဆိုင်တာဖြစ်ကာ ရခိုင်ဘက်မှာရှိတဲ့ AA မပါဝင်ဘူးလို့ ပြောပါတယ်။
 
ဒါ့အပြင် ရခိုင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး ရှိနိုင်လားလို့ မေးမြန်းမှုကိုလည်း ဟိုင်ဂင်သဘောတူညီမှုအရ ရှမ်းမြောက်ဒေသမှာ ဇန်နဝါရီ ၁၁ နောက်ပိုင်း အတိုင်းအတာတခုအထိ အပစ်ရပ်သွားပြီး ဟိုင်ဂင်အရ ရှမ်းမြောက်နဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။
 
ရခိုင်ဒေသ အပစ်ရပ်စဲရေး အခြေအနေနဲ့ပတ်သတ်လို့တော့ “လောလောဆယ်တော့ မရှိသေးပါဘူး” လို့ ဒေါက်တာညိုထွန်းအောင်က ဆက်လက်ပြောပါတယ်။
 
AA ရဲ့ ထိုးစစ်တွေ ဆက်ရှိနေမလားလို့ သတင်းထောက်တဦးရဲ့ မေးမြန်းမှုကိုလည်း “လက်ရှိတွေ့နေ၊ မြင်နေတဲ့အတိုင်းပါပဲ” လို့ ဒေါက်တာညိုထွန်းအောင်က ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်း AA က မြို့နယ်နဲ့ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media