မတ်၊ ၄
အေဒန် ပင်လယ်ကွေ့နား ချဉ်းကပ် ခုတ်မောင်းလာတဲ့ ဗြိတိန်ရဲ့ အရပ်ဖက် ရေယာဉ်တွေကို နောက်ထပ်လည်း တိုက်ခိုက် နှစ်မြှုပ်သွားမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ခြိမ်းခြောက်လိုက်ပါတယ်။
ဂါဇာ စစ်ပွဲ စတင်ချိန် ကတည်းက ဟိုသီတွေဟာ ပင်လယ်နီနဲ့ အေဒန် ပင်လယ်ကွေ့ကို ဖြတ်သန်း ခုတ်မောင်းတဲ့ ရေနံတင်နဲ့ ကုန်တင် သင်္ဘောတွေကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။ ဟိုသီတွေက အစ္စရေးနဲ့ အပေါင်းပါ နိုင်ငံတွေရဲ့ သင်္ဘောတွေကိုသာ တိုက်ခိုက်တာလို့ ပြောပေမယ့် ဒေသတွင်း ရေကြောင်းသွားလာမှု ကဏ္ဍတခုလုံး အကြီးအကျယ် ထိခိုက်ခံလာရတဲ့အတွက် အမေရိကန်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေး ပစ်မှတ်တွေကို လေကြောင်းကနေ ချေမှုန်းခဲ့ပါတယ်။ အကျိုးဆက်ကတော့ ဟိုသီတွေက ဗြိတိန်ပိုင် အရပ်ဖက် သင်္ဘောတွေကို ပိုမို ရန်လိုလာခြင်းပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ဗြိတိန်ပိုင် ကုန်တင်သင်္ဘော Rubymarဟာ ဟိုသီတွေ ပစ်ခတ်တဲ့ သင်္ဘောဖျက်ဒုံးကျည် ထိမှန်ပြီး ဆိုးဆိုးရွားရွား ချွတ်ယွင်းသွားခဲ့ပါတယ်။ အမှုထမ်းတွေကိုတော့ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် သင်္ဘောဟာ ပင်လယ်ထဲမှာ ဦးတည်ရာမဲ့ မျောပါနေခဲ့ပြီး ရက်အတော်ကြာ မတ်လ ၂ ရက်နေ့မှာ နစ်မြုပ်သွားခဲ့ပါတယ်။
ဒါဟာ ဟိုသီတွေ တိုက်ခိုက်မှုကြောင့် အရပ်ဖက် သင်္ဘောတစီးကို ပထမဆုံးအကြိမ် ဆုံးရှုံးရမှုလည်း ဖြစ်လာပါတယ်။ သင်္ဘောကို ဒုံးကျည်ထိမှန်ပြီးတဲ့နောက် လောင်စာဆီ ယိုစိမ့်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သလို သင်္ဘောပေါ် ပါလာတဲ့ ဓာတု ဓာတ်မြေဩဇာ တန်ချိန် ၄၅၀၀၀ လောက်ကလည်း ပင်လယ်ထဲ နစ်မြုပ် ပျော်ဝင်သွားတဲ့အတွက် ဒေသတွင်း ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက် ခြိမ်းခြောက်လာမှာ စိုးရိမ်နေရပါတယ်။
အမေရိကန်နဲ့ ဗြိတိန် ရေတပ်တွေက Rubymar နစ်မြုပ်မှု သတင်းကို အသီးသီး အတည်ပြု ကြေညာခဲ့တဲ့နောက် ဟိုသီတွေက နောက်ထပ် ဗြိတိန်ပိုင် သင်္ဘောတွေကို ထပ်မံ တိုက်ခိုက်နေဦးမှာဖြစ်ပြီး မတရား ဖိနှိပ် ရန်ပြုလာတဲ့ ဗြိတိန် အစိုးရ အထိနာအောင် တုံ့ပြန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဟိုသီတွေ အတွက်တော့ ကုန်တင် သင်္ဘောတစီး လုံးဝဥဿုံ နစ်မြုပ်တဲ့ထိ တိုက်ခိုက်ခဲ့တာကို အောင်ပွဲတခုအဖြစ် ယူဆနေပါတယ်။
ဟိုသီတွေဟာ ယီမင်ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်မှာ ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောတွေကို နိုဝင်ဘာ လလယ်ကတည်းက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့် အမေရိကန်က ဟိုသီတွေကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် ပြန်လည် သတ်မှတ် ကြေညာခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
အီရန် အစိုးရရဲ့ အားပေး ထောက်ခံမှုကို ရရှိထားတဲ့ ဟိုသီတွေဟာ မြို့တော် အေဒန် အပါအဝင် ယီမင်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်း တော်တော်များများကို ထိန်းချုပ်ထားပါတယ်။
Ref: AFP