မတ်၊ ၄
ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ပါတီတွင်း ပြိုင်ဆိုင်မှုတွေဟာ နစ်ကီဟေလီဟာ အဓိက ရေပန်းစားသူ ဒေါ်နယ်လ်ထရမ့်အပေါ် ရှားရှားပါးပါးအဖြစ် ပထမဆုံးအကြိမ် အသာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဝါရှင်တန်ဒီစီ နယ်မြေဆိုင်ရာ ရီပတ်ဘလစ်ကန် ပါတီ မဲပေးမှုတွေမှာ ဟေလီက ထရမ့်ကို အသာစီး ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်တုန်းက သူဟာ ကိုယ်တိုင် ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့တဲ့ တောင်ပိုင်း ကာရိုလိုင်းနား အပါအဝင် ကျင်းပပြီးစီးသမျှ မဲပေးမှုတွေမှာ သမ္မတဟောင်း ထရမ့်ကို အရေးနိမ့်ထားခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာလည်း ထရမ့်ကသာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်နိုင်ဖို့ ပြတ်ပြတ်သားသား အခြေအနေ ကောင်းနေတဲ့တိုင် ဟေလီဟာ ရီပတ်ဘလစ်ကန် ပါတီသမိုင်းမှာ ဒေသအလိုက် သမ္မတလောင်းနေရာ ရွေးချယ်မှု မဲပေးတဲ့ အစီအစဉ်တွေမှာ အနိုင်ရဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့တော့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ဟေလီက ထရမ့်ထက် ပြတ်ပြတ်သားသား နောက်ကျကျန်နေဆဲ ဖြစ်တဲ့တိုင်အောင် ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် မျှော်လင့် ကြိုးစားမှုတွေကို လက်လျှော့ဦးမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ သူဟာ ထရမ့် သမ္မတအဖြစ် တာဝန်ယူခဲ့ချိန်တုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဝါရှင်တန်ဒီစီ မဲဆန္ဒနယ်မှာတော့ ရီပတ်ဘလစ်ကန်တွေရဲ့ ၆၂.၉ ရာခိုင်နှုန်းက ဟေလီကို ထောက်ခံမဲ ပေးခဲ့ကြပြီး ထရမ့်ကိုတော့ ၃၃.၂ ရာခိုင်နှုန်းက မဲပေးခဲ့ပါတယ်။
လေ့လာသူ အများစုကတော့ ဝါရှင်တန်ဒီစီက ဟေလီရဲ့ အောင်ပွဲဟာ လက်ရှိ ရီပတ်ဘလစ်ကန် ပါတီတွင်း လူကြိုက်များမှု လမ်းကြောင်းကို သွေဖယ်သွားနိုင်မှာ မဟုတ်ဘဲ အခုသီတင်းပတ်ထဲမှာ ဆက်တိုက် ကျင်းပမယ့် နယ်မြေအလိုက် မဲပေးမှုတွေမှာ ထရမ့်ကပဲ အသာစီး ရသွားလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။
Ref: BBC