စစ်မှုထမ်းဥပဒေလက်မခံဖို့ ရိုဟင်ဂျာတွေကို အေအေ တိုက်တွန်း၊ နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းသွားမယ်လို့ ဆို

မတ်၊ ၄
 
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ (မိတ်တွေမူဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်း)တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းခိုင်းနေတဲ့အပေါ် ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်ပြီး မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ထုတ်ပြန်တိုက်တွန်းပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မဖမ်းဆီး၊ စစ်သင်တန်းပေးနေပြီး တပြိုင်တည်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာအောင် လှုံ့ဆော်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ULA/AA က မနေ့က မတ်လ ၂ ရက်၊ ညပိုင်းမှာ အခုလို ထုတ်ပြန်တိုက်တွန်းလာတာပါ။
 
အနာဂတ်မှာ ငြိမ်းချမ်းတိုးတက်ပြီး ညီညွှတ်မျှတတဲ့ တိုင်းပြည်ကို တည်ဆောက်လိုရင် တကမ္ဘာလုံးနဲ့ တနိုင်ငံလုံးရဲ့ ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစေဖို့ ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ကြဖို့ အရေးကြီးတယ်လို့ ULA/AA က ဆိုပါတယ်။
 
ULA/AA အနေနဲ့လည်း အာရက္ခဒေသမှာ နေထိုင်တဲ့ လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးတို့ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ သဘောထားထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။
 
“စစ်တပ်ကတော့ သူတို့အခက်တွေ့တိုင်း ပဋိပက္ခတွေဖြစ်အောင် ဖန်တီးတာပဲ၊ ရိုဟင်ဂျာတွေကတော့ အမြဲတမ်း အသုံးချခံခဲ့ရတာလေ၊ အခုလည်း အဲလိုပုံစံလုပ်နေတာ၊ အဲဒါတွေကို နားမယောင်ဖို့လိုတယ်၊ ULA က အခုလို ပြောလာတာကိုလည်း ကြိုဆိုတယ်” လို့ စစ်တွေဒေသခံ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းနေတာဟာ သာမာန်ပြည်သူလူထုကို စစ်မြေပြင်မှာ “သေတွင်း”သို့ တွန်းပို့နေရုံသာမက အာရက္ခဒေသရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ULA/AA က ပြောပါတယ်။
 
စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒကို ပြဌာန်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ မြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာတွေကို ဖမ်းယူ၊ စစ်သင်တန်းပေးနေတာဖြစ်ပြီး တထောင်နီးပါးရှိပြီလို့ ဒေသတွင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ပြောကြပါတယ်။
 
အဲဒီလို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တဲ့အခါ နိုင်ငံသားပေးမယ်၊ လွတ်လပ်စွာသွားလာခွင့်ပေးမယ်၊ ငွေကြေးထောက်ပံ့ပေးမယ်လို့ မက်လုံးပေးစည်းရုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ဆိုပါတယ်။
 
ရခိုင်ပြည်တွင်း မြို့နဲ့ တပ်စခန်းတွေ တခုပြီးတခုလက်လွှတ်နေရပြီး တပ်သားအင်အားဆုံးရှုံးမှု ဆက်တိုက်ရှိနေတဲ့ စစ်ကောင်စီရဲ့ အဲဒီလို မက်လုံးပေးစည်းရုံးမှုအပေါ် နားလည်သူတွေ ရှိပေမယ့် အချို့ကတော့ နားယောင်တာတွေလည်း ရှိနေတယ်လို့ စစ်တွေဒေသခံ ရိုဟင်ဂျာလူငယ်တွေက ပြောပါတယ်။
 
ULA/AA ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ရိုဟင်ဂျာအသိုင်းအဝိုင်းထဲမှ တချို့လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေး၊ စီးပွားရေးအရ ကိုယ်ကျိုးရှာလိုတာ၊ လူမျိုးရေးအမုန်းတရား၊ အစွန်းရောက် ခံယူချက်တွေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းခိုင်းတဲ့အပေါ် အခွင့်အရေးယူပြီး လက်နက်၊ လူအင်အားစုဆောင်းကာ ဒေသတွင်းအရပ်သားတွေကို ထိပါး၊ တိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။
 
အဲဒီအပြုအမူတွေဟာ ရက္ခိုင့်တပ်တော်(AA)ကို ရန်လိုစိန်ခေါ်တဲ့ လုပ်ရပ်ဖြစ်ပြီး ပိုပြီးကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်လာစေဖို့ ကြိုးပမ်းအားထုတ်နေတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်တွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးမျှော်လင့်ချက်ကို ပိုပြီးတော့ ဝေးကွာသွားစေမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ရင်းနှီးမြှပ်နှံမှုတွေ၊ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုပါ နှောင့်ယှက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ULA/AA က ဆိုပါတယ်။
 
ULA/AA ဟာ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား စတင်ထူထောင်စဉ်ကတည်းက ဒေသခံရိုဟင်ဂျာတွေကို နေရာပေးတာ၊ အတူယှဉ်တွဲနေနိုင်ရေး ကြိုးပမ်းတာ၊ ပွဲလမ်းသဘင် အတူကျင်းပတာတွေ လုပ်ခဲ့ပြီး အသိုင်းအဝိုင်းနှစ်ခုကြား ကူးလူးဆက်ဆံမှုတွေမှာ သိသိသာသာ တိုးတက်ခဲ့တယ်လို့ ရိုဟင်ဂျာနဲ့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီလို တည်ငြိမ်သင့်မြတ်နေတဲ့အခြေအနေကို စစ်ကောင်စီဘက်က ဖျက်ဆီး၊ နှောင့်ယှက်ဖို့ ကြိုးပမ်းလာတဲ့အပေါ် လက်မခံနိုင်တော့ဘူးလို့ AA ထိန်းချုပ်ရာ မြောက်ဦးမြို့နယ်မှ ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။
 
“အရင်တုန်းက ကျွန်တော်တို့ ဘယ်မှမသွားရဘူး။ အခု တပ်တော်(AA)ပေါ်လာပြီးနောက်ပိုင်းမှာ ရခိုင်တွေနဲ့ အလုပ်တွေ အတူလုပ်လို့ ရလာခဲ့တယ်၊ အကုန်အဆင်ပြေနေပြီ၊ အဲဒါကို လိုက်ဖျက်ဆီးတာ မခံတော့ဘူး၊ အဲလိုမဖြစ်အောင် လူကြီးတွေလည်း ဝိုင်းပြောပေးဖို့ လိုတယ်” လို့ ၎င်းက ဆိုပါတယ်။
 
ရခိုင်နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီရဲ့ ပြည်သူအချင်းချင်းကြား ရန်တိုက်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေဟာ ရေတိုမှာ ခဏတာ အောင်မြင်နိုင်ပေမယ့် အများစုက စစ်ကောင်စီရဲ့အကျင့်စရိတ်တွေကို သိထားပြီသားမို့ ရေရှည်မှာ မအောင်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
 
“ရခိုင်နဲ့ မူဆလင်တွေကြားမှာ မကျေနပ်ချက်တွေ ရှိတယ်ဆိုတာကို သူတို့သိတယ်၊ ဒါကြောင့် အဲဒါကို အသုံးချဖို့ ကြိုးစားခြင်းဖြစ်တယ်၊ ဒါပေမယ့် စစ်ကောင်စီဟာ တနိုင်ငံလုံးကို အတင်းအဓမ္မအုပ်ချုပ်နေတယ်၊ တနိုင်ငံလုံးကို ဥပဒေမဲ့ သတ်ဖြတ်နေတယ်၊ မီးရှို့နေတယ်၊ အဲဒါတွေကို အားလုံးနားလည်ပြီးသားဆိုတော့ အဲဒီအဖွဲ့မှာ ဝင်ပြီးတော့ လိုလိုလားလားတိုက်ဖို့ဆိုတာက ဘယ်လူမျိုးမှ တိုက်မှာမဟုတ်ဘူး” လို့ ၎င်းက ဆိုပါတယ်။
 
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေဟာလည်း မြန်မာစစ်တပ်ရဲ့လဆော်၊ သွေးထိုးမှုတွေကြောင့်ဖြစ်ခဲ့ရတာဖြစ်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ အဲဒီအခြေအနေတွေကို သိထားပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
 
“အဓိက လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မြန်မာစစ်တပ်ပဲဖြစ်တယ်၊ မူဆလင်တွေကလည်း တရားခံဘယ်သူလဲဆိုတာကို သိပြီးသားဖြစ်တယ်၊ ပြည်သူတွေ လက်မခံနိုင်ဆိုတဲ့ ပုံရိပ်တွေပဲ ပိုလာတယ်၊ လက်တွေ့မှာ မအောင်မြင်နိုင်ဘူး” လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။
 
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာ မြို့တွေနဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရကာ တပ်သားဆုံးရှုံးမှု အများအပြားရှိနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အခုဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့ပါတယ်။
 
အဲဒီနောက်မှာပဲ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်တွေနဲ့ ပြည်နယ်တောင်ပိုင်းက ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
 
ရက္ခိုင့်တပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေတဆင့် သတိပေးထားပါတယ်။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုမြို့နဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို သိမ်းပိုက်ထားပြီး ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲတို့မှာလည်း နောက်ဆုံးလက်ကျန် မြို့ပေါ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။
 
ဒါ့အပြင် သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်တို့အတွင်းရှိ နယ်ကျေးရွာအများစုကိုလည်း AA က ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်သေးတဲ့ ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာလည်း နှစ်ဖက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
 
ဓာတ်ပုံ – AA Info Desk