အင်းစိန်ထောင်မှာ နိုင်ကျဉ်းလေးဦး ရိုက်နှက်တိုက်ပိတ်ခံထားရ

မတ် ၊ ၂

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားလေးဦးကို ထောင်အာဏပိုင်တွေက ရိုက်နှက်ပြီး ခြေထောက်ဒေါက်ခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကိုသိုက်ထွန်းဦးကပြောပါတယ်။

အဲဒီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းက အကျဉ်းသားတွေ ထောင်တွင်း ဘောလုံး ကန်ရင်း စကားများတာကို အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အခန်း လူကြီး (တန်းစီး)တွေက အကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာလို့ဆိုပါတယ်။

“လက်ရှိ အင်းစိန်ထောင်မှာက အကျဉ်းသားအချင်းချင်း အုပ်ချူပ်တဲ့ပုံစံလုပ်ထားတယ်၊ဒါကြောင့် ထောင်က တန်းစီးဆိုသူတွေက သူတို့နောက်မှာ ထောင်ဝန်ထမ်းတွေရှိတယ်ဆိုပြီး အခုလိုနိုင်ကျဉ်းတွေအပေါ်မှာ ရိုက်နှက် တာတွေကို လုပ်နေတာ “ လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုထက်၊ကိုထွေးလေး၊ကိုမြတ်နိုးမောင် (ခ) အာနိုး နဲ့ ကိုသော်ဇင်ဦး ဆိုသူ လေးဦးကိုလက်ရှိအချိန်အထိ တိုက်ပိတ်ထားတာလို့ သိရပါတယ်။ 

နိုင်ကျဉ်းလေးဦးကို သူတို့ရဲ့ အိပ်ဆောင်အတွင်းက ခေါ်ထုတ်ပြီး ထောင်ပိုင်ရုံးခန်းရှေ့မှာ ထောင်ဝန်ထမ်းတွေ အပါအဝင် အခန်းလူကြီးဆိုသူ စုစုပေါင်း ဆယ်ဦးကျော်လောက်က ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုထားပါတယ်။

အဲဒီလိုရိုက်နှက်မှုတွေကြောင့် အကျဉ်းသားတွေမှာ နှဖူးကွဲတာ ခေါင်းကွဲတာ ကျောကွဲတာတွေအပြင် မျက်နှာဖူး ယောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီအကျဉ်းသားလေးဦးကို အကျဉ်းထောင်ဘက်က ထောင်ဝင်စာ ပါဆယ်ပို့ဆောင်ခွင့် ကိုလည်း ပိတ်ပင်ထားသလို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသမှု မပေးသေးဘူးလို့ ကိုသိုက်ထွန်းဦးကပြော ပါတယ်။ 

အင်းစိန်ဗဟိုထောင် ထောင်ပိုင်ဦးဇော်လင်းအောင်၊ထောင်ပိုင်လေး အေးကြိုင်၊ထောင်ဦးစီးချစ်စမ်းမောင်တို့ဦး ဆောင်ပြီး အခန်းလူကြီးဆိုသူ ကိုရဲလင်းဖြိုး(ခေါ်)ရဲလေး ဆိုသူတို့ ပူးပေါင်းကာ အကျဉ်းသားတွေကို ရိုက်နှက် နှိက်စက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုထားပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ဟာ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေထဲမှာ အကြီးဆုံး ထောင်ကြီးဖြစ်သလို အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲ ချက်မျိုးစုံနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအများအပြားကို ချုပ်နှေ ာင်ထားရာ နေရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား သုံးဆယ်ကျော် လောက်ကို ထောင်အာဏပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့ ဖူးပါတယ်။

အခုလို ထောင်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ပြီး မှတ်တမ်းကောက်ယူထားကာ ပြစ်မှု ကျူးလွန် သူတွေတာဝန်ခံရဖို့ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏသိမ်းပြီးနောက် ဒီလ ၁ ရက်အထိ လူဦးရေ၂၆၂၁၀ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ၈၈၂၃ ဦး ကထောင် ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။