မတ် ၊ ၂
ဖမ်းဆီးခံရနိုင်ကြောင်း ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ရုရှား အတိုက်အခံ ခေါင်းဆောင်ရဲ့ နာရေး အစီအစဉ်ကို လူတွေ ထောင်နဲ့ချီ စုဝေး တက်ရောက်ခဲ့ပါတယ်။
သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အဓိက အကျဆုံး ပြိုင်ဘက်တဦးလို့ သတ်မှတ်ခံရသူ အလက်ဆီ နက်ဗယ်လ်နီဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အာတိတ်စက်ဝိုင်းမှာရှိတဲ့ အလုပ်ကြမ်း အကျဉ်းစခန်း တခုမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၄၇ နှစ်သာ ရှိပါသေးတယ်။
ရုရှားအာဏာပိုင်တွေကတော့ နိုင်ငံရဲ့ အားအကောင်းဆုံး အတိုက်အခံခေါင်းဆောင်က အချုပ်နှောင်ခံ ဘဝမှာ ပဟေဠိဆန်ဆန် သေဆုံးသွားတာနဲ့ ပတ်သက်လို့ မရိုးမသား လုပ်ဆောင်ခဲ့တာ ဘာမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
မတ်လ ၁ ရက်နေ့တုန်းကတော့ မော်စကိုမှာ နက်ဗယ်လ်နီရဲ့ နာရေး အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ရဲအစောင့်အကြပ်တွေလည်း တင်းတင်းကျပ်ကျပ် ချထားခဲ့တာ တွေ့ရပါတယ်။ အဲဒီ နာရေးကို တက်ရောက်တဲ့ သူတွေ ဖမ်းဆီးခံရနိုင်ကြောင်း ဝါဒဖြန့် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း နက်ဗယ်လ်နီကို ချစ်ခင်လေးစားသူတွေ ထောင်နဲ့ချီပြီး သူ့ကို နောက်ဆုံးအကြိမ် လာရောက် နှုတ်ဆက်ခဲ့ကြပါတယ်။
ဘုရားကျောင်းရှေ့ကို ခေါင်းတလား ရောက်ရှိလာချိန်မှာ လူတွေက နက်ဗယ်လ်နီရဲ့ နာမည်ကို အော်ဟစ် ဂုဏ်ပြုရင်း လက်ခုပ်တွေ တီးခဲ့ကြပြီး တချို့ကတော့ ‘လူသတ်သမား ပူတင်’၊ ‘စစ်ပွဲကို ရှုတ်ချကြ’ ဆိုတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။
နက်ဗယ်လ်နီဟာ ကျန်းကျန်းမာမာ အခြေအနေမျိုးကနေ ရုတ်တရက် သေဆုံးသွားတာဖြစ်ပြီး သေမှုသေခင်း စစ်ဆေးမှု ရလဒ်တွေကိုလည်း အာဏာပိုင်တွေက သဲသဲကွဲကွဲ မကြေညာသေးပါဘူး။ သူကွယ်လွန်ပြီး ရက်အတော်ကြာမှာ ရုပ်အလောင်းကို မိသားစုဆီ လွှဲပေးပြီး နာရေးကိစ္စ ဆောင်ရွက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
နက်ဗယ်လ်နီရဲ့ ရုပ်အလောင်းကို ဘိုရီဆော့ဗ် သုဿန်မှာ မြှုပ်နှံခဲ့ပါတယ်။ နက်ဗယ်လ်နီ ကွယ်လွန်သွားပေမယ့် သူချန်ထားခဲ့တဲ့ အမွေတွေနဲ့ မပြီးပြတ်သေးတဲ့ ရုန်းကန် အားထုတ်မှုတွေက ဆက်ပြီး တည်မြဲနေစေမယ်လို့ သူ့ရဲ့ အနီးကပ် နိုင်ငံရေး မဟာမိတ် တဦးဖြစ်တဲ့ မာရီရာ ပက်ဗ်ချင့်ခ်က ပြောပါတယ်။
မတ်လ ၁ ရက်နေ့တုန်းက မော်စကိုမှာ ၆ ဦး အပါအဝင် ရုရှားနိုင်ငံ အနှံ့မှာ စုစုပေါင်း လူ ၄၅ ဦးနဲ့ ဆာဘီးယားမှာ ၁၈ ဦးတို့ဟာ နက်ဗ်လ်နီအတွက် ဂုဏ်ပြုစုရုံးရင်း အာဏာပိုင်တွေရဲ့ ယာယီ ထိန်းသိမ်းမှုကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
Ref: CNN