ရခိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ပုံမှန်အတိုင်းကျင်းပဖို့ စစ်ကောင်စီ စီစဉ်နေပေမယ့် ကျောင်းသားမိဘတွေစိုးရိမ်နေ

မတ်၊ ၁
 
တပြည်နယ်လုံးနီးပါး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲကို တခြားပြည်နယ်တိုင်းတွေနဲ့ တပြေးညီ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပေမယ့် ကျောင်းသားမိဘတွေကတော့ စိုးရိမ်နေကြပါတယ်။
 
“အစကတော့ သွားဖြေကြတော့မလို့လေ၊ ဒါပေမယ့် မနေ့က မြို့ထဲမှာတောင် လက်နက်ကြီးကျတယ်ဆိုတော့ စဉ်စားနေပါတယ်၊ သိပ်လည်း အရဲမစွန့်ရဲဘူး၊ အဖမ်းအဆီးတွေလည်း ရှိတယ်မလား” လို့ ပေါက်တောမြို့နယ်ဒေသခံ တက္ကသိုလ်ဝင်တန်း ကျောင်းသားတဦးရဲ့ မိခင်က ပြောပါတယ်။
 
အရင်က စာစစ်ဌာန တရာနီးပါးလောက်နဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ လုပ်လေ့ရှိတဲ့ ရခိုင်မှာ လာမယ့်စာမေးပွဲအတွက်ကိုတော့ စာစစ်ဌာန ၆၉ ခု သတ်မှတ်ထားတယ်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က မနေ့က စစ်တွေမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
 
လက်ရှိဒေသအခြေအနေတွေအရ စာစစ်ဌာနတွေကို နေရာပြောင်းတာ၊ သင့်တော်တဲ့ ဌာနတွေကို ပူးပေါင်းလိုက်တာမျိုးတွေလုပ်ပြီး ကျင်းပမယ်လို့လည်း သူကဆိုပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘယ်မြို့၊ ဘယ်နေရာတွေမှာ ပြောင်းရွေ့စစ်ဆေးမယ်၊ ဖြေဆိုဖို့ ကျောင်းသားဘယ်လောက် စာရင်းပေးထားတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ တိတိကျကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
 
DNA က စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုရင် စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့တို့မှာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပမှာဖြစ်ပြီး ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်နဲ့ အမ်း မြို့နယ်တို့မှာလည်း စာစစ်ဌာနအချို့ လျှော့ချထားတယ်လို့ သိရပါတယ်။
 
“ဒီဘက်ကလူတွေအကုန် စစ်တွေမှာ စစ်ရမယ်၊ ဖြေမယ့်သူတွေကို စာရင်းကောက်နေတယ်၊ အခုထိ စာရင်းပေးလို့ရသေးတယ်” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တခုက အထက်တန်းပြ ကျောင်းဆရာတဦးက DNA ကို ပြောပါတယ်။
 
ဒါပေမယ့် စစ်တွေမြို့နယ်နဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာ၊ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာ၊ အမျိုးသမီး၊ လူငယ်တွေပါမကျန် အရပ်သားတွေကို ဖမ်းဆီးနေတာတို့ကြောင့် သွားရောက်ဖြေဆိုဖို့ စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
 
စစ်ကောင်စီတပ် စစ်ရေယာဉ်က ပစ်ခတ်တဲ့ လက်နက်ကြီး စစ်တွေ မြို့မစျေးထဲ ကျရောက်ပေါက်ကွဲလို့ အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးကာ ၈၀ ဝန်းကျင် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကြောင့်လည်း ပိုပြီးတော့ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီအနေနဲ့ စာမေးပွဲလာဖြေကြမယ့် ကျောင်းသားတွေနဲ့ အတူပါလာမယ့် မိသားစုဝင်တွေကို လုံခြုံရေး အာမခံချက်ပေးဖို့ လိုတယ်လို့လည်း ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။
 
လက်ရှိမှာ ရခိုင်မြောက်ပိုင်း ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့အတွင်းရှိ နယ်မြေအားလုံးကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရသေ့တောင်၊ ပုဏ္ဏာကျွန်းနဲ့ ရမ်းဗြဲတို့မှာလည်း မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
 
AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ မရှိတော့တာကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမယ်ဆိုရင် ကျင်းပလို့ရနိုင်တယ်လို့ ရခိုင်မြောက်ပိုင်းမှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။
 
“AA သိမ်းထားတဲ့ နေရာတွေမှာလည်း စာမေးပွဲက စစ်လို့ရတာပဲလေ၊ ဆရာ၊ ဆရာမတွေလည်း ရှိတယ်၊ တခုပဲ စစ်တပ်က လေယောဉ်တွေနဲ့ လာမပစ်နဲ့၊ လက်နက်ကြီး မပစ်နဲ့” လို့ မင်းပြားမြို့နယ်ဒေသခံ ကျောင်းသားဖခင်တဦးက ထောက်ပြပါတယ်။
 
စစ်ကောင်စီဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၁၉ ရက်အတွင်း ကျင်းပမယ်လို့ ကြေညာထားပြီး ရခိုင်ပြည်နယ်မှာလည်း အဲဒီရက်တွေမှာပဲ တပြိုင်တည်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။
 
အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်သစ်သင်ရိုး (Grade 12)အတွက် ပထမဆုံးစစ်ဆေးရမယ့်နှစ်လည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် တာဝန်ရှိသူတွေက စာမေးပွဲတွေကို တခြားဒေသတွေအတိုင်း ကျင်းပဖို့ စီစဉ်နေကြပေမယ့် တက္ကသိုလ်ဝင်တန်းအပြင် ခရိုင်ကလာတဲ့ မေးခွန်းနဲ့ စစ်ကြရမယ့် Grade 5 နဲ့ Grade 9 တွေအတွက် မေးခွန်းတွေ သွားထုတ်ဖို့တောင် အခက်အခဲရှိနေကြတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေက ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။
 
ကျောင်းအလိုက် မေးခွန်းတွေနဲ့ စစ်ကြရတဲ့ ကျန်အတန်းငယ်တွေကိုတော့ ပြီးခဲ့တဲ့လတွေအတွင်းက မြို့နယ်အလိုက် လုံခြုံရာကျောင်းတွေမှာ စစ်ဆေးခဲ့ကြပါတယ်။
 
“အတန်းငယ်တွေကိုတော့ အကုန်စစ်ပြီးသွားပြီ၊ အစိုးရစစ် အတန်းတွေပဲ မေးခွန်းဘယ်လိုသွားထုတ်ရမလဲ မသိဘူး၊ စစ်တွေသွားထုတ်ဖို့က မလွယ်ဘူး” လို့ စစ်တွေခရိုင်အတွင်း မြို့နယ်တခုက မူလတန်းပြဆရာမတဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ တက္ကသိုလ်ဝင်စာမေးပွဲ တည်တည်ငြိမ်ငြိမ်ကျင်းပနိုင်ဖို့၊ စာမေးပွဲကျင်းပနေချိန်မှာ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေး အလေးပေးကြပ်မတ်ဖို့၊ မေးခွန်းလွှာတွေနဲ့စာစစ်ဌာနတွေ လုံခြုံဖို့ ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က စာစစ်ဌာန ၆၀ ဖွင့်လှစ်စစ်ဆေးခဲ့ပြီး ဖြေဆိုသူကျောင်းသား ၁၉၁၆၅ ဦး ရှိခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ စာစစ်ဌာန ၁၂၈ ခုနဲ့ ဖြေဆိုသူ လေးသောင်းကျော်ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း စာစစ်ဌာန ၁၂၆ ခုနဲ့ ဖြေဆိုသူ ငါးသောင်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
ရခိုင်ပြည်နယ်မှာ အရင်ပုံမှန်နှစ်တွေတုန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ဆေးတဲ့ စာစစ်ဌာန ၁၃၀ ဝန်းကျင်ရှိခဲ့တာကြောင့် အခုနှစ်မှာ စာစစ်ဌာန ထက်ဝက်နီးပါး လျော့ကျသွားခဲ့တာပါ။
 
“မနှစ်ကတနှစ် စနစ်ဟောင်း နောက်ဆုံးနှစ်မို့လို့ ကျောင်းသားတွေနည်းပြီး စာစစ်ဌာနလည်း နည်းသွားတာ၊ ဒီနှစ်ကတော့ တော်တော်နည်းသွားတယ်ပြောရမယ်၊ ကျောင်းသားလည်း နည်းလောက်တယ်” လို့ သံတွဲမြို့နယ်က အထက်တန်းပြဆရာမတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Google