စင်ကာပူမှာ မြန်မာအိမ်အကူအမျိုးသမီးတဦး သေဆုံးမှုထပ်ဖြစ်၊ နှစ်လအတွင်း မြန်မာနိုင်ငံသား သုံးဦးသေဆုံး

 ***
သတင်းပြန်လည်ပြင်ဆင်ဖော်ပြခြင်း
ဖော်ပြပါ ဓာတ်ပုံနဲ့အတူ “စင်ကာပူမှာ မြန်မာအိမ်အကူအမျိုးသမီးတဦး သေဆုံးမှုထပ်ဖြစ်၊ နှစ်လအတွင်း မြန်မာနိုင်ငံသား သုံးဦးသေဆုံး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ DNA က ဖော်ပြခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ နီးစပ်တဲ့ စင်ကာပူရောက် မြန်မာအလုပ်သမားတချို့ကို ကိုးကားပြီး သတင်းအဖြစ် ဖော်ပြခဲ့တာဖြစ်ပေမယ့် သေဆုံးသူဟာ မြန်မာနိုင်ငံသားမဟုတ်ဘဲ အင်ဒိုနီးရှား အမျိုးသမီး တဦးဖြစ်ကြောင်း ပြန်လည်အတည်ပြုနိုင်ခဲ့တာကြောင့် မူလသတင်းဖော်ပြချက်ကို ပြန်လည်ဖယ်ရှားထားကြောင်း အသိပေးအပ်ပါတယ်။
အထက်ပါ “စင်ကာပူမှာ မြန်မာအိမ်အကူအမျိုးသမီးတဦး သေဆုံးမှုထပ်ဖြစ်၊ နှစ်လအတွင်း မြန်မာနိုင်ငံသား သုံးဦးသေဆုံး” ဆိုတဲ့သတင်းအစား စင်ကာပူနိုင်ငံမှာ အင်ဒိုနီးရှားအမျိုးသမီး အထပ်မြင့်တိုက်ပေါ်က ပြုတ်ကျသေဆုံးတယ်လို့သာ ပြင်ဆင်သိမှတ်ပေးပါရန်လည်း ဖော်ပြအပ်ပါတယ်။
***
မတ်၊ ၁
စင်ကာပူနိုင်ငံ Yishun အရပ်မှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးတဦး ဒီကနေ့မနက်က အထပ်မြင့်တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဟုတ်မဟုတ်တော့ အသေးစိတ်မသိရသေးဘူးလို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။
 
“ဖြစ်တဲ့နေရာမှာ မြန်မာအိမ်အကူတွေ များတယ်၊ နီးစပ်သူတွေက သေဆုံးတာ မြန်မာအမျိုးသမီး ဟုတ်တယ်လို့ပြောတယ်” လို့ စင်ကာပူရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
ဒါဟာ အခုနှစ် နှစ်လအတွင်း စင်ကာပူနိုင်ငံမှာ သုံးဦးမြောက် မြန်မာနိုင်ငံသား သေဆုံးမှု ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကပဲ မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ကြသေးတယ်လို့ စင်ကာပူရောက် မြန်မာအလုပ်သမားအရေး ကူညီနေသူတဦးက ပြောပါတယ်။
 
“ကောင်လေးက သတ်သေသွားတာ၊ ကောင်မလေးက တိုက်ပေါ်က ခုန်ချသွားတာ၊ ဒီမှာက ဒါမျိုးသတင်းတွေ ပေးမဖော်ပြဘူး၊ နောက်လူတွေ Follow လိုက်မှာစိုးလို့၊ နီးစပ်သူတွေဆီကနေပဲ သိရတာ” လို့ သူကပြောပါတယ်။
 
စင်ကာပူနိုင်ငံမှာ မြန်မာလုပ်သားတွေအနေနဲ့ ဖိနှိပ်ခံရတာတွေ ရှိနေပြီး အဖက်ဖက်အဆင်မပြေမှုတွေကြောင့် စိတ်ဖိအားတွေနဲ့ ကြုံနေရသူတွေ ရှိနေတယ်လို့ မြန်မာလုပ်သားတွေက ဆိုပါတယ်။
 
အေဂျင်စီတွေက ဝန်ဆောင်ခ အဆမတန်ယူထားပြီး ပြဿနာဖြစ်လာရင် တာဝန်မယူတာ၊ လစာထဲကနေ အကြောင်းပြချက်မျိုးစုံနဲ့ ငွေဖြတ်တာ၊ တချို့အိမ်ရှင်တွေက လစာအပြည့်မပေးဘဲ စေခိုင်းတာမျိုးတွေ ကြုံနေကြရတယ်လို့ သူတို့က ပြောပါတယ်။
 
“ ကိုယ့်နိုင်ငံအခြေအနေကိုအကျပ်ကိုင်ပြီး ​ပြန်လွှတ်ရမလားဆိုတာမျိုးနဲ့ ဖိအားပေးတာမျိုး တွေ ကြုံနေရတာ၊ ဒီရောက်နေတဲ့သူတွေလည်း အဆင်မပြေကြဘူး” လို့ မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
စင်ကာပူနိုင်ငံကို မြန်မာဘက်က အိမ်အကူလုပ်သားအနေနဲ့ တရားဝင်သွားရောက်လုပ်ကိုင်ခွင့် မပေးထားပေမယ့် အလုပ်သမားတွေက ပွဲစားနဲ့ ချိတ်ဆက်ပြီး သွားရောက်လုပ်ကိုင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
 
လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား တသိန်းကျော်ရှိနေပြီး နောက်ထပ်လည်း ဆက်လက် သွားရောက်လုပ်ကိုင်ကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။
 
ဓာတ်ပုံ – CJ