ဖေဖော်ဝါရီ ၂၉
တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်ရက် ဆက် လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲ စစ်ရေးသတိရှိကြဖို့ ရခိုင့်တပ်တော် ULA/AA က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။
ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် စစ်တွေမြို့မဈေးထဲကျရောက် ပေါက်ကွဲလို့ လူ ၁၂ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ရှစ်ဆယ်လောက်အထိရှိခဲ့တဲ့နောက် AA ရဲ့ နိုင်ငံရေးး၊အုပ်ချုပ် ရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်ULA က အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့လည်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွား ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဝိုင်းဝန်းဆန့်ကျင်တားဆီးပေးကြဖို့ အာရက္ခပြည်သူလူထုကိုယ်စား အလေးအနက်တိုက်တွန်းကြောင်း ULA က ဆိုပါတယ်။
စစ်ကောင်စီဟာ မိုက်ရူးရဲဆန်ပြီး လက်နက်အားကိုးကာ ဖက်ဆစ်စိတ်ဓာတ်အပြည့်နဲ့ ပစ်ခတ်သတ်ဖြတ်နေ တယ် လို့လည်းဝေဖန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်တွေမြို့ ပွင့်ကမ်းခြေရှိ ရေတပ်စခန်းထဲကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဒီနေ့ ဖေဖော်ဝါရီလ ၂၉ ရက် မနက် ရှစ်နာရီဝန်းကျင်မှာ ကိုးရီးယားဆိပ်ကမ်းစျေးထဲ ကျရောက်ပေါက်ကွဲခဲ့ တာဖြစ်ပါ တယ်။
စျေးရောင်းသူတွေ၊ စျေးဝယ်ယူတွေ၊ မနက်ခင်းလမ်းလျှောက်သူတွေ စည်းကားနေတဲ့အချိန်မှာ အဲဒီလို လက်နက် ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်၊ အမျိုးသမီးတွေအပါအဝင်ဒေသခံအရပ်သား ၁၂ ဦးထက်မနည်း သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူ ၃၁ ဦးနဲ့ အသေးစား၊ အလတ်စားဒဏ်ရာရသူ ၅၀ နီးပါးရှိခဲ့တယ်လို့ ULA ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တွေမြို့နဲ့ မြို့အနီးဝန်းကျင်တဝိုက်မှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လူ အစုလိုက်အပြုံလိုက်သေဆုံးအောင် တမင်တကာရည်ရွယ်ပစ်ခတ်တာဖြစ်ပြီး အဲဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲကျူးလွန်လိုက်တာဖြစ်တယ်လို့ ULA က ဆိုပါတယ်။
“အစက ပုဏ္ဏားကျွန်းဖက်ကိုပဲ ပစ်တယ်၊ ပြီးရင် စျေးထဲကို ရုတ်တရက်ကျလာတာ၊ မတော်တဆကျတယ်လို့တော့ မထင်ဘူး၊ တမင်ပစ်တာလို့ပဲထင်တယ်၊ လူအစည်းဆုံးအချိန် လူအုပ်ထဲကျတာလေ၊ ဘယ်လောက် ယုတ်မာလဲ ဆိုတာ ပြောစရာစကားတောင် မရှိဘူး”လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ စစ်တွေမြို့၊ ရွှေပြားရပ်ကွက် ဒေသခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လို့ ထိခိုက်သေဆုံးခဲ့ရသူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေ၊ ကျောင်းသူ မိန်း ကလေးတွေ၊ စျေးသည်အမျိုးသမီးတွေပါဝင်ပြီး ကလေးနဲ့ အမျိုးသမီးအများဆုံးပါတယ်လို့ မြို့ခံတွေနဲ့ ဒဏ်ရာရ သူတွေက ပြောကြပါတယ်။
“သူငယ်ချင်းနဲ့ လမ်းလျှောက်နေကြတာ၊ကျွန်မသူငယ်ချင်းမှာ နည်းနည်းထိသွားတယ်၊ အကုန်လုံးဗြောင်းဆန် သတ်ပြီး သွေးပြင်ဖြစ်သွားတယ်၊ ဆေးရုံကိုပြေးကြ၊ ဆေးရုံရောက်ရင်လည်း အသက်မမီတဲ့သူတွေ မမီလိုက်ကြ တော့ဘူး”လို့ စစ်တွေမြို့ခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာပြင်းထန်သူတွေဟာ စစ်တွေမြို့ဆေးရုံမှာ ဆေးရုံတက်ကုသနေကြပြီး ဆေးရုံနဲ့ မြို့တွင်း နေရာ အနှံ့မှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားကာ တမြို့လုံး တိတ်ဆိတ်နေတယ်လို့ စစ်တွေဒေသခံတွေက ပြောကြပါတယ်။
ဈေးထဲကို လက်နက်ကြီးကျည်ကျလို့ လူအများအပြားသေဆုံးထိခိုက်ခဲ့ကြပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်တန့်မသွားဘဲ ဒီကနေ့နေ့လယ်ပိုင်းအထိ စစ်တွေမြို့ ရေတပ်ထဲကနေ လက်နက်ကြီးပစ်ခတ်သံတွေ မကြာခဏ ကြားနေရသေးတယ်လို့ စစ်တွေမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲစဖြစ်ချိန်ကစလို့ ပြည်နယ်မြို့တော် စစ်တွေမှာ အခုလို လူအစုလိုက်အပြုံ လိုက်ထိခိုက်စေတဲ့ ဖြစ်စဉ်မျိုးမရှိခဲ့ဖူးပါဘူး။လက်ရှိရခိုင်တိုက်ပွဲမှာတော့ ပြည်နယ်မြို့တော်ကိုပါ ရခိုင့်တပ်တော် AAကတိုက်ခိုက်သိမ်းပိုက်တော့မယ့် အခြေအနေရှိလာတဲ့နောက်စစ်တွေမြို့နယ်အတွင်းနှစ်ဖက် တိုက်ပွဲတွေမ ဖြစ်သေးခင်မှာပဲ အခုလိုဖြစ်စဉ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ပြည်သူလူထုကို အဓိကပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ညွန်ကြားအမိန့်ပေးနေတဲ့ အကြမ်းဖက် စစ် ကောင်စီဟာ အခုလို လုပ်ရပ်တွေအပေါ် တာဝန်ယူ၊ တာဝန်ခံကြရမှာဖြစ်ပြီး ရက္ခိုင့်ပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ထဲ ပါဝင်သူတွေကို စစ်ဆေးဖော်ထုတ်အရေးယူသွားမယ်လို့လည်း ULA က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
မြောက်ဦးမြို့က ကိုဖိုးလပြည့်၊ သတင်းထောက်ကိုဖိုးသီဟအပါအဝင် အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ဖို့ ညွှန် ကြားခဲ့သူတွေနဲ့ ကိုယ်တိုင်ပါဝင်ခဲ့သူ သုံးဦးကိုလည်း ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကာ ဆက်လက် စစ်ဆေးနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင်ရခိုင်ပြည်နယ်အတွင်းတခြားဒေသတွေက ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူး လွန်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ် သက်လို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အနေနဲ့ စနစ်တကျမှတ်တမ်းတင်ထားပြီး ဖော်ထုတ်အရေးယူသွားမယ်လို့ မကြာခဏ သတိပေးဖူးပါတယ်။
ရခိုင်ဒေသစစ်မျက်နှာမှာ တပ်ရင်း၊ တပ်မတွေ တခုပြီးတခု ကျဆုံးကာ မြို့တွေ တမြို့ပြီးတမြို့လက်လွှတ် နေရတဲ့ စစ်ကောင်စီဟာ စစ်ရှုံးနေတာကို လက်မခံဘဲ အရှက်ရ၊ ဒေါသအမျက်ထွက်ပြီး လူမျိုးရေးအမုန်းတရားတွေနဲ့ ပြည် သူကိုပစ်မှတ်ထား တိုက်ခိုက်တာ၊ လူမျိုးရေးပဋိပက္ခတွေဖန်တီးတာ စတဲ့ အောက်တန်းကျတဲ့ နည်းလမ်း ပေါင်းစုံ ကို အရင်ကထက် ပိုလုပ်လာတာကြောင့် အဲဒီလုပ်ရပ်တွေကို သတိထားစောင့်ကြည့်ဖို့လည်း ULA က အသိပေး ထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် ကနေတဆင့် ဖေဖော်ဝါရီ ၂၆ ရက်က သတိပေးရေးသားခဲ့ပါတယ်။
AA နဲ့ စစ်ကောင်စီတို့တကျော့ပြန်တိုက်ပွဲသုံးလကျော်အတွင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ် ပေါက်တော၊ မြေပုံး၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို လက်လွှတ်ထားရပြီး တပ်ရင်း၊ တပ် မဌာချုပ်အပါအဝင် တပ်စခန်းပေါင်း နှစ်ရာကျော် သိမ်းပိုက်ခံထားရပါတယ်။
ဒါ့အပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့ကိုလည်း AA က အလုံးစုံသိမ်း ပိုက်နိုင် ရေး လက်ကျန်စခန်းတွေကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။