စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ဗုံးကြဲတာဟာ တပ်ဂုဏ်သိက္ခာကျစေပြီး စစ်ဥပဒေနဲ့လည်း မညီဘူးလို့ စစ်ကောင်စီတပ်ရင်းမှူး ဝေဖန်

ဖေဖော်ဝါရီ ၊ ၂၉

စစ်ကောင်စီအနေနဲ့ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေမှာ အရပ်သားနေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသလို စစ်ဥပဒေနဲ့လည်း မညီဘူးလို့ ရက္ခိုင့်တပ်တော်(AA)ဆီမှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့စစ်ကောင်စီတပ်ရင်းမှူးက ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်းရှိ မင်းဖူးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီဆေးရုံမှာပဲ ဆေးကုသမှုခံယူနေခဲ့တဲ့ ခလရ ၂၉၉  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနေလင်းထွန်းက အဲဒီလို ပြောဆိုတာပါ။

“အရပ်သားပြည်သူတွေကို ကုသပေးနေတဲ့ ဒါမျိုးဆေးရုံတွေကို၊ ပြည်သူ့ဆေးရုံတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဆိုရင် တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းတဲ့အပြင် စစ်ဥပဒေနဲ့လည်း မညီညွှတ်ကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆပါတယ်”လို့ စစ်ကောင်စီတပ်ရင်းမှူးက AAကဒီကနေ့ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ ပြောထားတာပါ။

စစ်ကောင်စီတပ်ဟာ မင်းပြားမြို့နယ်တခုလုံးကို လက်လွှတ်၊သိမ်းပိုက်ခံရပြီးတရက်အကြာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လည်ပိုင်းမှာ မင်းဖူးပြည်သူ့ဆေးရုံကို ဂျက်တိုက်လေယာဉ်နဲ့ ဖျက်အားပြင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံအဆောက်အဦးတခုလုံး ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီနေ့တရက်လည်းမှာပဲ မင်းပြားမြို့နယ် သေကံရွာရှိ စစ်ဘေးရှောင်အရပ်သားတွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပြီး ကလေးငယ်၊ အမျိုးသမီးအပါအဝင် လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ မင်းဖူးဆေးရုံဟာ ရိုဟင်ဂျာတွေ၊ အနီးတဝိုက်နေ အရပ်သားပြည်သူတွေနဲ့ AA က ဖမ်းဆီရမိထားတဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတွေ၊ သုံ့ပန်းမိသားစုဝင်တွေကို ကုသပေးနေတဲ့ဆေးရုံတခုသာဖြစ်ပြီး စစ်ရေးပစ်မှတ်မဘူးလို့ စစ်ကောင်စီတပ်ရင်းမှူးက ပြောပါတယ်။

“တကယ်လို့ ကျွန်တော်သာ ဒီဆေးရုံမှာ ဆက်လက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်မှုရှိတဲ့အချိန်ထိ ဆေးကုသမှုခံယူနေမယ်ဆိုရင် ကျွန်တော့အသက်ကလည်း ဒီမှာ ပါသွားနိုင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

တပ်ရင်းမှူးနဲ့အတူ အဖမ်းခံထားရတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းကလည်း အဲဒီဆေးရုံဟာ ၎င်းအပါအဝင် တိုက်ပွဲအတွင်းဖမ်းဆီးခံခဲ့ရသူ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့ဆေးရုံဖြစ်တယ်လို့ AA က ထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာ ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အဲဒီလို အရပ်ဖက်နေရာတွေကို တိုက်ခိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရ နယ်မြေတွေ ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ အငြိုးအတေးနဲ့လုပ်တာလို့လည်း စစ်ကောင်စီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနေလင်းထွန်းက ဝေဖန်ပါတယ်။

AA ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလကျော်အတွင်း ရခိုင်ပြည်နယ် မင်းပြား၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်း အဲဒီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

အဲဒီမြို့နယ်တွေမှာ AA က သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဆယ်ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရသူ ငါးဆယ်ဝန်းကျင်ရှိပြီလို့ DNA က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေအပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိတဲ့မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေလုပ်နေပြီး အရပ်သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိသေးတဲ့ စစ်တွေမြို့ရှိ မြို့မစျေးကြီးကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ရှစ်ဆယ်ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့လည်း ဆေးရုံနဲ့နီးစပ်သူတွေ၊ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ဒေသတိုက်ပွဲစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာကာလအတွင်း စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သားသေဆုံးရသူ ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိ ရှိခဲ့တယ်လို့ AA က ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။