မြောက်ဦးမှာ အရပ်သားခုနစ်ဦးသတ်ဖြတ်မှုအတွက် တိုက်ရိုက်တာဝန်ရှိသူ သုံးဦးကို AA ဖမ်းမိထား အရပ်သားတွေကိုသတ်ဖြတ်ပြီးနောက် ဗုံးစထိမှန်သေဆုံးကြောင်းလိမ်လည်သတင်းပို့ခဲ့တယ်လို့ဆို

ဖေဖော်ဝါရီ ၊ ၂၉

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ အွန်လိုင်းဆယ်လီတဦး၊သတင်းထောက်ဟောင်းတဦးအပါအဝင် စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားခုနစ်ဦးကိုသတ်ဖြတ်ရာမှာ အမိန့်ပေးခဲ့သူနဲ့ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ စတဲ့ တိုက် ရိုက်တာဝန်ရှိသူ သုံးဦးကိုဖမ်းမိထားတယ်လို့ ရခိုင့်တပ်တော် AA က ဒီကနေ့ထုတ်ပြန်ပါတယ်။

ရခိုင့်တပ်တော်က မြောက်ဦးအခြေစိုက် စစ်ကောင်စီ ခမရ ၃၇၈ ကို အခုလဆန်းပိုင်းကသိမ်းပိုက်ရာမှာ ဖမ်းမိခဲ့တဲ့ သုံ့ပန်းတွေထဲ အဲ့ဒီတာဝန်ရှိသူသုံးဦးလည်းပါဝင်ခဲ့တာဖြစ်ပြီး အရပ်သားခုနစ်ဦးကိုသတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့ သူတို့သုံးဦးရဲ့ ဝန်ခံထွက်ဆိုချက် ရုပ်သံမှတ်တမ်းတွေကို AA က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ အရပ်သား အချုပ်သား ခုနစ်ဦးကို သတ်ဖြတ်ဖို့ စစ်ကောင်စီ ခမရ ၃၇၈ ရဲ့ ဌာနချုပ် တပ်ခွဲမှူး ဗိုလ် မှူးသိန်းထိုက်စိုးက အမိန့်ပေးခဲ့ပြီး တပ်ရေးဗိုလ်ကြီး အာကာမြင့်ကကိုယ်တိုင်အနီးကပ်ကြီးကြပ်လုပ်ဆောင်ခဲ့ကာ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်စိုးကလည်း ဖြစ်စဉ်ကိုသိရှိပြီး ပူးပေါင်းပါဝင်ခဲ့တယ်လို့ သူတို့သုံး ဦးရဲ့ ထွက်ဆိုချက်တွေမှာ ပြောထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မြောက်ဦးခရိုင်ရဲစခန်းအတွင်းချုပ်နှောင်ထားတဲ့ အထက်ပါ အရပ်သား ခုနစ်ဦး ဟာ မြောက်ဦးခရိုင်ရဲစခန်းကို AA ကတိုက်ခိုက်သိမ်းပိုက်တာကြောင့် စစ်အုပ်စုဆုတ်ခွာချိန်မှာ ခမရ ၃၇၈ တပ်ရင်း ဗဟိုကင်းအချုပ်မှာ ပြောင်းရွှေ့ချုပ်နှောင်ထားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် အခုနှစ် ဇန်နဝါရီ ၂၃ရက်မှာသူတို့ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့  AA ကထုတ်ပြန်တဲ့ ရုပ်သံဖိုင် အတွင်း ခမရ ၃၇၈ တပ်ရင်း ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက ပြောပါတယ်။ဘာကြောင့် ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာကိုတော့ ရုပ်သံဖိုင်ထဲမှာပြောဆိုထားတာမတွေ့ရပါဘူး။

“အဲ့ဒီအမိန့်ရရချင်းပဲကျွန်တော်လည်း ခမရ ၃၇၈မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီးခင်မောင်စိုးထံဆက်လက်တင်ပြခဲ့ ပါ တယ်။ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ၊ပြီးမှဖြေရှင်းတာပေါ့ဆိုတဲ့အဖြေရတာနဲ့ အဲ့ဒါဆိုရင်တော့ခရိုင် ရဲမှူးကြီးပဲ တပ်မမှူးဆီကိုဆက်လက်သတင်းပို့တင်ပြလိုက်ပါဆိုပြီးတော့ အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်း အောင်ကိုပေးလိုက်ပါတယ်”လို့ အရပ်သားတွေကိုသတ်ဖြတ်ဖို့ ဆက်လက်ကွပ်ကဲခဲ့တဲ့ တပ်ရေးဗိုလ်ကြီး အာကာ မြင့်ကပြောပါတယ်။

အဲ့ဒီနောက် တပ်ရင်းအတွင်းက ဗုံးခိုကျင်းတွေထဲမှာ အကောင်အထည်ဆောင်ရွက်ဖို့ပြန်လည် တင်ပြလာတာ ကြောင့် ခွင့်ပြုခဲ့ပြီးသေနတ်နဲ့ ပစ်သတ်ဖို့နဲ့ မြေမြှုပ်သင်္ဂြိုလ်ဖို့အမိန့်ဆက်ပေးခဲ့တယ်လို့ တပ်ရေးဗိုလ်ကြီးက ဆက်ပြောပါတယ်။

အဲ့ဒီနောက်အရပ်သားတွေကို ဒုတပ်ကြပ်သန်းအောင်က အချုပ်ခန်းထဲကနေ မျက်လုံးပဝါစည်း၊လက် ထိပ် နောက်ပြန်ခတ်ပြီး သတ်မှတ်ထားတဲ့နေရာကို ခေါ်ထုတ်သွားပြီးနောက် စုစုပေါင်းနာရီဝက်လောက်အကြာမှာ ဆောင်ရွက်ပြီးစီးကြောင်း သတင်းပြန်ပို့လာတယ်လို့လည်းဆိုပါတယ်။

“အခုကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော့်သဘောဆန္ဒအလျောက်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲနဲ့အထက်က ပေး အပ်တဲ့အမိန့်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်”လို့ တပ်ရေးဗိုလ်ကြီး အာကာမြင့်ကပြောပါတယ်။

ဒါ့အပြင် “အခုလိုလုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်၊အဲ့ဒီအတွက်ရခိုင်ပြည်သူလူထု အားလုံးက ပေးအပ်တဲ့ ပြစ်ဒဏ်ကိုကျေကျေနပ်နပ်ခံယူပါ့မယ်”လို့လည်း သူကဆက်ပြောပါတယ်။

အရပ်သားတွေကို သတ်ဖြတ်ခဲ့အပြီး နောက်တရက်မှာ ခရိုင်ရဲမှူးကြီးနဲ့ ဗိုလ်မှူးသိန်းထိုက်စိုးတို့ညှိနှိုင်းကာအ ချုပ် သားတွေ ဗုံးစထိမှန်သေဆုံးသွားကြောင်း တပ်မမှူးဆီ သတင်းပေးပို့ခဲ့တယ်လို့ AA ကထုတ်ပြန်တဲ့ ရုပ်သံဖိုင်တွေ မှာသူတို့နှစ်ဦးက ပြောဆိုကြပါတယ်။

“ကျွန်တော်တို့နှစ်ယောက်တပ်မမှူးမင်းမင်းထွန်းထံသွားရောက်ခဲ့ပြီး အချုပ်သားခုနစ်ဦးမှာ ဗုံးစထိမှန်၍သေဆုံး ခဲ့ပြီဟုသတင်းပို့တင်ပြခဲ့ပါတယ်”လို့ ဗိုလ်မှူးသိန်းထိုက်စိုးကပြောပါတယ်။

စစ်ကောင်စီရဲ့တပ်မ ၁၁ တပ်မမှူး မင်းမင်းထွန်းဟာ မြောက်ဦးတိုက်ပွဲတွေအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး အခုလ ၇ရက်က မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ တပ်ရင်းကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ အသေဖမ်းမိခဲ့တယ်လို့ ရခိုင့် တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော် အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့တဲ့ ပလက်ဝနဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ဖမ်းမိ ထားတဲ့စစ်ကောင်စီသုံ့ပန်းတွေထဲမှာ ပြည်သူတွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့အရာရှိတွေ ၊ကိုယ် တိုင်ကိုယ်ကျကျူးလွန်ခဲ့သူတွေလည်းပါဝင်ပြီးသူတို့ကို စစ်ခုံရုံးတင်ကာ စစ်ဆေးအပြစ်ပေးသွားမယ်လို့ AAက ဖေ ဖော်ဝါရီ ၂၀ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ပွဲငါးလနီးပါးကြာကာလအတွင်း အခုထုတ်ပြန်ချက်တွေဟာAA က ဖမ်းမိထားတဲ့ သုံ့ပန်းတွေ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အခြေအနေနဲ့ပတ်သက်လို့ ပထမဆုံး ထုတ်ပြန်တဲ့ ဝန်ခံချက်တွေဖြစ်ပါတယ်။

အခုဝန်ခံချက်ပါဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သားခုနစ်ဦးထဲမှာ ရခိုင်တိုင်းရင်းသားအွန်လိုင်း ဆယ်လီ တဦးဖြစ်တဲ့ကိုကျော်ဇံဝေ(ခ)ဖိုးလပြည့်(ခ)ကိုရင်ဆို့နဲ့ပြည်တွင်းကထင်ရှားတဲ့သတင်းဌာနတချို့မှာသတင်း ထောက်အဖြစ်လုပ်ကိုင်ခဲ့တဲ့ကိုမြတ်သူထွန်း(ခ)ဖိုးသီဟတို့လည်းပါဝင်ပါတယ်။