မုံရွာ ရဲအချုပ်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ LGBT တဦး ကိုယ်ကိုကိုယ် အဆုံးစီရင်

ဖေဖော်ဝါရီ၊ ၂၈
 
စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်း အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ LGBT (လိင်စိတ်ပြောင်းလဲနေသူ) တဦးကို အချုပ်ထောင်ရှိ စည်းကမ်းထိန်းသိမ်းရေး ဆိုသူတွေက ဝိုင်း၀န်းရိုက်နှက်ခဲ့ပြီးနောက် ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့၀င် ကိုရှင်းသန့်က ပြောပါတယ်။
 
ဒီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အဲဒီအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုသူရဆိုသူကို အခြားအကျဉ်းသားတွေက ဝိုင်း၀န်းရိုက်နှက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က မျက်ကွယ်ပြုပေးထားခဲ့တဲ့အတွက် ညပိုင်းမှာ ကြိုးဆွဲချပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
 
“သူက LGBT တယောက်ဖြစ်တယ်၊ သူ့ကို တန်းစီး စည်းကမ်းထိန်းတွေဆိုသူတွေက အပြစ်မရှိ အပြစ်ရှာ ဝိုင်းထိုးတယ် ရဲတွေကို အကူညီတောင်းတဲ့အခါကျတော့လည်း မကူညီဘဲ မသိချင်ယောင်ဆောင်တယ်လို့ သိရတယ်။ ထိုးကြိတ်ခံရချိန်မှာလည်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတာတွေ ပါမယ်ယူဆရတယ် အဲလိုလုပ်ခံရတဲ့အတွက် ကိုယ့်ကိုကိုယ် အဆုံးစီရင် သတ်သေသွားတယ်” လို့ ကိုရှင်းသန့်က ဆိုပါတယ်။
 
မုံရွာမြို့နယ် ကျေးရွာတခုက ကိုသူရ ဆိုသူဟာ ရာဇာသတ်ကြီး ပုဒ်မ- ၃၇၇ (ဓမ္မတာနဲ့ ဆန်ကျင်သော ပြစ်မှု) နဲ့ စွပ်စွဲတရားစွဲဆိုခံထားရသူဖြစ်ပြီး အချုပ်နဲ့ တရားရင်ဆိုင်နေချိန် အခုလို့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားခဲ့တာပါ။
 
ရဲချုပ်မှာ တခြားပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုစွမ်းရည်ထက်၊ ကိုစိုင်းစိုင်းချစ်၊ ညီညီထက်၊ ရဲအောင်၊ ကျော်ဇင်လင်း၊ အောင်ခိုင်ဖြိုး ဆိုသူတို့က ကိုသူရ ဆိုသူကို ဝိုင်း၀န်းထိုးကြိတ်ခဲ့ကြတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။
 
“(သူတို့က)တန်းစီးတို့ စည်းကမ်းထိန်းတို့ပေါ့နော် ပြောရမယ်ဆိုရင် ထောင်အာဏာပိုင်တွေရဲ့ လက်စွဲတွေပေါ့နော်” လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် မုံရွာ အမှတ်(၁) ရဲစခန်းအချုပ်ထောင်ရှိ အမျိုးသားအချုပ်ခန်းမှာ အကျဉ်းသား ၇၀ ဦး၊ အမျိုးသမီးအချုပ်ခန်းမှာ ၂၅ ဦးနဲ့ အချုပ်ခန်းကြား စင်္ကြလျှောက်လမ်းမှာ အကျဉ်းသား ၂၅၀ ဦး စုစုပေါင်း ၃၄၅ ဦး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မုံရွာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဆိုထားပါတယ်။
 
အဲဒီအကျဉ်းသား ၃၄၅ ဦးထဲမှာ မန္တလေး အိုးဘိုထောင်မှာ ပြောင်းရွှေ့လာတဲ့ ပြစ်ဒဏ်ချခံရပြီးသား အကျဉ်းသား ဆယ်ငါးဦးနဲ့ ပြစ်ဒဏ်ကျ ကလေးသူငယ် အကျဉ်းသား နှစ်ဆယ်ဦး ပါ၀င်ပေမယ့် သက်ဆိုင်ရာ အကျဉ်းထောင်တွေကို ပြောင်းရွှေ့မပေးဘဲ ရဲအချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
အလားတူပဲ ရဲအချုပ်ရှိ အကျဉ်းသား သုံးရာကျော်ထဲမှာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံထားရသော်လည်း အမှုဖွင့်လှစ်တာ၊ တရားစွဲဆိုတာမျိုး မရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရာလောက်ရှိတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။
 
“သူတို့ကို ဖမ်းထားတာကလည်း တနှစ်လောက်ရှိပြီလို့သိရတယ်။ မုံရွာက တရားရုံးတွေက မဖွင့်တာမဟုတ်ဘူး ဖွင့်တယ်၊ သပ်သပ်ကို အခုလိုလုပ်ထားတာပေါ့၊ ဘာရည်ရွယ်တာလည်းတော့ မသိဘူး၊ လူသားဒိုင်းလုပ်ဖို့လား စစ်တပ်ထဲ အတင်းစွဲထည့်ဖို့များလာပေါ့နော်” လို့ သူကဆိုပါတယ်။
 
ရဲစခန်းတွေအနေနဲ့ သက်ဆိုင်ရာ ပြစ်မှုအလိုက် အကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားဖို့ လိုအပ်ပါက မြို့နယ်တရားရုံးနဲ့ ခရိုင်တရားရုံးတွေမှာ ချုပ်မိန့် (ရမန်) ရယူပြီးမှသာလျှင် ရဲအချုပ်ခန်းမှာ ဖမ်းဆီးထားနိုင်မှာ ဖြစ်သလို အချိန်တနှစ်ကြာအထိ ဖမ်းဆီးထားလို့ မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထက်တန်းရှေ့နေ့တဦးက ပြောပါတယ်။
 
“ရဲစခန်းမှာ အကြောင်းအမျိုးမျိုးပေါ့နော်၊ လုံခြုံရေး မလုံလောက်တာတို့၊ ရဲမှူး မအားတာတို့ဆိုရင် အမှုမတည်ဆောက်ခင် ဆက်လက်ချုပ်ထားတာမျိုးတော့ ရှိပါတယ်၊ ဒါပေမယ့် အခုလောက် အချိန်အကြာကြီးတော့ ချုပ်ထားခွင့်မရှိဘူး ဒါက ဥပဒေကို ချိုးဖောက်တာသာဖြစ်တယ်” လို့ သူကဆိုပါတယ်။
 
လက်တလောမှာ အဲဒီ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက်ဟာ မိသားစုနဲ့ တွေ့ခွင့်မရတာ ပုံမှန် ထမင်းနဲ့ဟင်း အလုံအလောက်မစားရတာ ကျန်းမာရေး စောင့်ရှောက်မှု မရတာအပြင် အချုပ်ခန်းအတွင်း လူအများအပြားနဲ့ ဆင်းရဲကြပ်တည်းစွာ နေထိုင်နေရတယ်လို့ မုံရွာလူထုတိုက်ပွဲဦးဆောင်ကော်မတီက ဆိုပါတယ်။
 
အမှတ်(၁) ရဲစခန်းရှိ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့၀င်တွေဖြစ်တဲ့ တာ၀န်မှူး ဝေ​ဝေ​​မြင့်၊ မို့မို့လွင်နဲ့ ဂတ်စာရေး ချစ်ညိုညို ဆိုသူတို့က ဦးဆောင်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို အမြဲတစေ ဆဲဆိုကြိမ်းမောင်းမှုတွေ လုပ်နေတယ်လို့ ကော်မတီက ဆိုပါသေးတယ်။
 
ဓာတ်ပုံ – Social Media