ကိုရီးယားအလုပ်အကိုင် EPS-TOPIK စာမေးပွဲမှာ အမျိုးသမီးတွေ ဖြေခွင့်ပေးပေမယ့် အလုပ်ခေါ်၊ မခေါ်မသေချာ

ဖေဖော်ဝါရီ၊ ၂၈
 
တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို အခုနှစ်မှာ အမျိုးသမီးအတွက် ပထမဆုံးဖြေဆိုခွင့်ပေးထားပေမယ့် အမျိုးသမီးတွေကို အလုပ်ခေါ်ယူရေး သေချာတဲ့ သဘောတူညီချက်တွေ မရှိဘူးလို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
 
“ကိုရီးယားဘက်က ကျား/မ မခွဲပါဘူး။ မြန်မာဘက်က သတ်မှတ်တာပါ။ ကိုရီးယား​အလုပ်ရှင်ဘက်က eps အောင်ထားတဲ့ မြန်မာအမျိုးသမီးကို အလုပ်ခန့်၊ မခန့်က အဓိကကျပါတယ်” လို့ ကိုရီးယားအစိုးရနဲ့ နီးစပ်တဲ့ မြန်မာအလုပ်သမားအရေး ကူညီနေသူတဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ EPS-TOPIK စာမေးပွဲသက်တမ်းတလျှောက် အမျိုးသမီးတွေကို ဖြေဆိုခွင့်မပေးခဲ့ပေမယ့် လာမယ့်မတ်လဆန်းမှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက်စာမေးပွဲမှာတော့ အမျိုးသမီးတွေကို ပထမဆုံးအကြိမ် ဝင်ဖြေခွင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။
 
ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံဘက်ကတော့ EPS-TOPIK စာမေးပွဲ​ ဖြေဆိုမှုနဲ့ပတ်သက်လို့ အရင်ကတည်းက အမျိုးသမီး၊ အမျိုးသား ခွဲခြားထားတာ မရှိဘဲ မြန်မာနိုင်ငံဘက်ကသာ ကန့်သတ်ထားတာ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
 
မြန်မာနိူင်ငံရှိ EPS Center ကလည်း လက်ရှိခေါ်ယူမယ့် လုပ်ငန်းအမျိုးအစားက Service Worker (ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား) E-9 ကို ခေါ်ယူမှာဖြစ်ပြီး အလုပ်နေရာခွဲတမ်း (Quota)နဲ့ ပတ်သက်လို့ လုပ်ငန်းအမျိုးအစားအလိုက်ပဲ သတ်မှတ်ကာအမျိုးသား/အမျိုးသမီးလို့ မသတ်မှတ်ဘဲ အလုပ်ရှင်ရဲ့ လုပ်ငန်းခွင် အလုပ်နေရာ လိုအပ်ချက်အပေါ် မူတည်ခေါ်ယူမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကနေ ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာအလုပ်သမား ခေါ်ယူဖို့ လျာထားတဲ့ ခွဲတမ်းက ၃၃၇၀ ဦးဖြစ်ပြီး အမျိုးသား/အမျိုးသမီး ခွဲခြားထားတာ မရှိဘူးလို့လည်း အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။
 
ဒါပေမယ့် EPS စာမေးပွဲမှာ အခုနှစ်မှာမှ အမျိုးသမီးတွေကို ပထမဆုံးဖြေဆိုခွင့်ပေးလိုက်တာကြောင့် အမျိုးသမီးလုပ်သားတွေကြား စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ ကိုရီးယားဘာသာ သင်တန်းနည်းပြတချို့က ဆိုပါတယ်။
 
“ဝင်ဖြေမယ့် အမျိုးသမီးဦးရေ တော်တော်များမယ်၊ သင်တန်းတက်နေကြတာကို မနည်းဘူး၊ အားလုံးကတော့ ကိုရီးယားကို သွားရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့” လို့ ကိုရီးယားဘာသာ သင်တန်းနည်းပြတဦးက ပြောပါတယ်။
 
မြန်မာနိူင်ငံဘက်က ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီး လုပ်သားတွေကို ဖြေဆိုခွင့်ပေးရာမှာလည်း အခြေခံပညာအထက်တန်း ပြီးမြောက်ရမယ်ဆိုတဲ့ ပညာအရည်အချင်း သတ်မှတ်ချက်နဲ့ ကန့်သတ်ထားပြီး ကိုရီးယားဘက်ကတော့ အဲဒီလို ကန့်သတ်တာ မရှိဘူးလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
အဲဒီလို ပညာအရည်အချင်း ကန့်သတ်ချက်ကြောင့် စာမေးပွဲဝင်ဖြေလိုတဲ့ အမျိုးသမီးတချို့ အခွင့်အရေးဆုံးရှုံးကြရတယ်လို့ ကိုယ်တိုင် EPS-TOPIK ဝင်ဖြေဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
“အသိတွေထဲက သတ်မှတ်ပညာအရည်အချင်း မမီလို့ စိတ်ညစ်နေသူတွေ ရှိတယ်၊ ရီးယားကို သွားရမသွားရတာတပိုင်း၊ စာမေးပွဲကို အရင်ဝင်ဖြေခွင့်တော့ ရချင်ကြတာ” လို့ သူကပြောပါတယ်။
 
ဒါပေမယ့် စာမေးပွဲဝင်ဖြေခွင့်ရရေးအတွက် အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်နဲ့ ဘွဲ့လက်မှတ်အတု လုပ်သူတွေလည်း ရှိနေပြီး မှောင်ခိုဈေးကွက်မှာ အလုပ်ဖြစ်နေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
 
အဲဒီ EPS-TOPIK စာမေးပွဲ ဖြေဆိုခွင့်တွေကို မတ်လဆန်းမှာ အွန်လိုင်းကနေ လျှောက်ထားခွင့်ရရှိမှာဖြစ်ပြီး စာမေးပွဲ ဖြေဆိုမယ့်သူတွေအနေနဲ့ စာမေးပွဲကြေး တဦးကို ၂၈ ဒေါ်လာ ပေးသွင်းကြရမှာ ဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာထားပါတယ်။
 
လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၇၀၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ ဌာနဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။
 
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်မှာ EPS စနစ်နဲ့ မြန်မာလုပ်သား တသောင်းကျော် စေလွှတ်ခဲ့သလို ဒီနှစ်မှာတော့ တသောင်းတထောင်လောက် စေလွှတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
 
အခုနှစ် EPS-TOPIK စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူတွေထဲက တသောင်းလေးထောင်ဝန်းကျင်လောက် စာမေးပွဲ အောင်မြင်မယ်လို့ ခန့်မှန်းထားတာပါ။
 
ဓာတ်ပုံ – Google