ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည် တရာကျော်ကို စစ်သင်တန်းပေးဖို့ဆိုပြီး စစ်တပ်က ဖမ်းခေါ်

ဖေဖော်ဝါရီ၊ ၂၈
 
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းက လူငယ် ၁၀၇ ဦးကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီလ ၂၈ မနက်ပိုင်းမှာ စစ်သင်တန်းပေးဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
 
“စစ်သင်တန်းပေးဖို့ ဖမ်းခေါ်သွားပြီ၊ ခုနကမှ ခေါ်သွားတာ၊ တပ်ရင်းထဲကို ခေါ်သွားတယ်၊ အကုန်လုံး တရာကျော်ကို ခေါ်သွားတာပါ” လို့ အဲဒီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမည်မဖော်လိုသူတဦးက DNA ကို ပြောပါ တယ်။
 
စစ်ကောင်စီရဲ့ ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂) ဗျူဟာမှူး ၀ဏ္ဏအောင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဆယ်ဝန်းကျင်ဟာ မနေ့က စခန်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်တွေရဲ့ အမည်စာရင်းကို တောင်းခံကောက်ယူပြီးနောက် ဒီနေ့မှာ လာခေါ်သွားခဲ့တာပါ။
 
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးကတည်းက ကျောက်တလုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ် တရာ့ငါးဆယ်ကို စစ်မှုထမ်းဖို့ ပေးရမယ်လို့ အမည်စာရင်းတောင်းခံထားခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်မှာ စစ်မှုထမ်းရမှာ စိုးတာကြောင့် လူငယ်တဆယ်ကျော်ဟာ ရက္ခိုင့်တပ်တော် (AA)ဆီ သွားရောက်ခိုလှုံခဲ့ကြပါတယ်။
 
အဲဒီလို AA ဆီ သွားရောက်ခိုလှုံခဲ့တဲ့ ရိုဟင်ဂျာလူငယ်တွေရဲ့ မိသားစုဝင်တွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုကြပါတယ်။
 
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာ မြို့တွေနဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရကာ တပ်သားဆုံးရှုံးမှု အများအပြားရှိနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အခုဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့ပါတယ်။
 
အဲဒီနောက် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်တွေနဲ့ ပြည်နယ်တောင်ပိုင်းက ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
 
စစ်ကောင်စီဟာ ကျောက်ဖြူ အပြင် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့က ရိုဟင်ဂျာ လူငယ်တွေကိုလည်း စစ်မှုထမ်းစေဖို့ ဖမ်းဆီးတာတွေ ရှိနေပြီး ငါးရာဝန်းကျင်အထိ ရှိပြီလို့ ဒေသတွင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောထားကြပါတယ်။
 
“ကျွန်တော်တို့တွေမှာ ပြေးစရာလည်းမရှိဘူး၊ တနေရာက တနေရာလည်း သွားလို့မရဘူး” လို့ စစ်ကောင်စီထိန်း ချုပ်မှုအောက်မှာ ရှိနေသေးတဲ့ စစ်တွေမြို့နယ်က ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။
 
စစ်မှုထမ်းတဲ့ရိုဟင်ဂျာတွေကို နိုင်ငံသားပေးမယ်၊ ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး မက်လုံးပေးစည်းရုံးတာတွေလည်း စစ်ကောင်စီတပ်က လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီလို ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းနေတာဟာ စစ်ကောင်စီအနေနဲ့ တပ်သားဆုံးရှုံးမှုကို ကုစားဖို့နဲ့ ဒေသတွင်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာအောင် ဖန်တီးဖို့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
 
“ဒီချိန်မှာ ဗမာအစိုးရက တပ်ပေးတဲ့ လက်နက်နဲ့ ရခိုင်ကို တော်လှန်ဖို့၊ တိုက်ခိုက်ဖို့လောက်ထိ ရူးမိုက်မယ့်သူတွေ တယောက်မှ မရှိဘူး၊ အားလုံံးကို ဆင်ခြင်တတ်တယ်၊ သုံးသပ်တတ်တဲ့ မွတ်ဆလင်လူကြီးတွေ ရှိတယ်၊ သူတို့ရဲ့ လမ်းညွန်ချက်တွေလည်း ရှိတယ်၊ အရင်ကလို ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပဋိပက္ခဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင်ပေးဖို့၊ တော်လှန်ဖို့ဆိုတဲ့ စည်းရုံးမှုတွေဟာ အဲဒီလောက်ထိ ခရီးရောက်မှာမဟုတ်ဘူး” လို့ ရခိုင်နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေတဆင့် သတိပေးထားပါတယ်။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်းကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုမြို့နဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို သိမ်းပိုက်ထားပြီး ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲတို့မှာလည်း နောက်ဆုံးလက်ကျန် မြို့ပေါ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။
 
ဒါ့အပြင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်တို့အတွင်းရှိ နယ်ကျေးရွာအများစုကိုလည်း AA က ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက အပြည့်အ၀နီးပါး ထိန်းချုပ်ထားနိုင်သေးတဲ့ ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာလည်း နှစ်ဖက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကျောက်တလုံး ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း လူငယ်တွေကို စာရင်းလာကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့