ဘီလင်း-သထုံ လမ်းပိုင်းပေါ်က တံတားတစင်း မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ ကားတွေပိတ်မိနေ

ဖေဖော်ဝါရီ၊ ၂၈
 
မွန်ပြည်နယ်၊ သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒီကနေ့ မနက် ၂ နာရီလောက်က မိုင်းခွဲခံရလို့ တံတားပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ရုတ်တရက် လူတွေလန့်သွားတာဗျ၊ မနက်အစောကြီးဆိုတော့ ဘာဖြစ်လဲပေါ့၊ မနက်ကျမှ ထွက်ကြည့်တာ တံတားပြိုကျသွားပြီ၊ အနားက ဖရဲသီးဆိုင်တန်းတွေလည်း ပျက်စီးတာရှိတယ်” လို့ မိုးကောင်းကျေးရွာနေ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
မိုင်းထောင်ဖောက်ခွဲခံရတဲ့ တံတားဟာ ဘီးလင်းနဲ့ သထုံမြို့ကြား ရန်ကုန်-မော်လမြိုင် လမ်းမပေါ်က အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေရှိတဲ့ တံတားတစင်း ဖြစ်ပါတယ်။
 
လက်ရှိ တံတားပြိုကျပျက်စီးသွားတဲ့အတွက် ကားကြီးကားသေးတွေ လုံးဝဖြတ်သန်းသွားလာလို့ မရတော့ဘဲ ဘီးလင်းဘက်မှာရော သထုံဘက်ခြမ်းမှာပါ ကားအစီးရေရာချီ ပိတ်မိနေတယ်လို့ ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
 
ဒါပေမယ့် ပိတ်မိနေတဲ့ ကားတွေထဲက ကားသေးတွေကိုတော့ ကင်းမွန်းချုံကျေးရွာ အနီးရွာပတ်လမ်းကနေတဆင့် ကျွန်းကလေးရွာ ဘက်က ပတ်သွားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
 
“အိမ်စီးကားတွေကတော့ ရွာလမ်းကနေ အလှည့်ကျပတ်သွားတာတော့ ရှိနေတယ်၊ ကားကြီးတော့ ဘယ်လိုမှ ဖြတ်လို့မရဘူး၊ ပိတ်မိနေတာတော့ နှစ်ဖက်စလုံးမှာ တော်တော်များတယ်ဗျ” လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် မိုင်းပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်တာကြောင့် တံတားအနီးရှိ နေအိမ်နှစ်လုံးနဲ့ ဆိုင်ခန်းနှစ်ခန်း မိုင်းစထိမှန် ပျက်စီးခဲ့သလို အမျိုးသားတဦးလည်း အစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီဥက္ကဌကို DNA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံကတော့ အခုဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သေချာမသိရသေးဘူးလို့ ပြောပါတယ်။
 
“အခုထိတော့ ဘာမှ မတက်လာသေးဘူး၊ ဘယ်အဖွဲ့က လုပ်သလဲတော့ မသိသေးဘူ” လို့ သူက ပြောပါတယ်။
 
လက်ရှိ ပြိုကျပျက်စီးသွားတဲ့ မိုးကောင်းတံတားကို ဒီကနေ မနက် ၁၀ နာရီကျော်အထိ စစ်ကောင်စီဘက်က လာရောက်ပြုပြင်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အခုမိုင်းခွဲခံရတဲ့ မိုးကောင်းတံတားနဲ့ လေးမိုင်ဝန်းကျင်လောက် အကွာမှာရှိတဲ့ ကျုံအိတ်တံတား ဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်၂၉ ရက်က မိုင်းခွဲခံခဲ့ရပါသေးတယ်။ အဲဒီဖောက်ခွဲမှုကတော့ စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားတာလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြောခဲ့ပါတယ်။
 
ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် ထိခိုက်မှုအခြေအနေ လာစစ်ဆေးတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဒရုန်းနဲ့ ထပ်ပြီးတိုက်ခိုက်ခံရလို့ ခရိုင်လမ်းဦးစီးမှူး အပါအဝင် ငါးဦးခန့်သေဆုံးကာ သုံးဆယ်နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။