ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ကြောင်း NATO အဖွဲ့ဝင် နိုင်ငံတွေပြော

ဖေဖော်ဝါရီ၊ ၂၈

ယူကရိန်း နိုင်ငံဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးသွားဖို့ အစီအစဉ် လုံးဝ မရှိကြောင်း NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေက ပြောကြားခဲ့ပါတယ်။ 

ပြင်သစ် အစိုးရက အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းဆီ တပ်တွေ စေလွှတ်ဖို့ စဉ်းစားလာနိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့တဲ့နောက် NATOဖက်က အခုလို ဖြေရှင်းခဲ့တာပါ။ တချိန်တည်းမှာပဲ ရုရှားကလည်း အဲဒီကိစ္စသာ လက်တွေ့ အကောင်အထည် ပေါ်လာရင် ရုရှားနဲ့ NATOကြား ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရတာမျိုးတွေ ကြုံလာနိုင်တယ်လို့ သတိပေးထားပါတယ်။ 

နိုင်ငံတကာ စစ်ရေး လေ့လာသူတွေက ရုရှားနဲ့ NATO တကယ်တမ်း စစ်တိုက်ပြီ ဆိုတာဟာ တတိယ ကမ္ဘာစစ်ကို အစပျိုးလိုက်တဲ့ အဓိပ္ပါယ် ဖြစ်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဥရောပ မဟာမိတ်တွေ အနေနဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှားက အနိုင်ရသွားတာကို မလိုလားဘူးဆိုရင် တပ်တွေ စေလွှတ်ရေးဆိုတဲ့ ရွေးချယ်မှုကိုပါ ထည့်စဉ်းစားသင့်ကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားက စစ်မြေပြင်မှာ အသာစီးရမှုတွေ ပိုထင်ရှားလာတဲ့ အချိန်မှာ မာခရွန်က အခုလို မှတ်ချက် ပေးခဲ့တာပါ။ ဒါပေမဲ့ ဂျာမနီ၊ စပိန်၊ ဗြိတိန်၊ ပိုလန်နဲ့ ချက်တို့လို NATO အဖွဲ့ဝင် နိုင်ငံတွေက ချက်ချင်း ဆိုသလိုပဲ အဲဒီ အတွေးအခေါ်နဲ့ ခပ်ကင်းကင်း ရပ်တည်လိုကြောင်း သဘောထား ပြသခဲ့ပြီး ယူကရိန်းဆီ မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်း မြေပေါ်မှာ ဥရောပ နိုင်ငံတွေနဲ့ NATO မဟာမိတ် အဖွဲ့ဝင်တွေဆီက စစ်သားတွေ၊ ခြေလျင်တပ်ဖွဲ့ဝင်တွေ လုံးဝ ရှိနေမှာ မဟုတ်ဘူးလို့ ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်က ပြောပါတယ်။ ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယက်စ်ကလည်း တပ်ဖွဲ့ဝင်တွေ ယူကရိန်းဆီ စေလွှတ်ရေးဟာ ဂျာမနီရဲ့ ရွေးချယ်မှု ဖြစ်လာမှာ မဟုတ်ကြောင်း မှတ်ချက် ပေးသွားပါတယ်။

ဂျာမနီဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခံရတဲ့ ယူကရိန်းအတွက် အမေရိကန်ပြီးရင် စစ်ရေး အထောက်အပံ့တွေ အများဆုံးပေးတဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ NATO မဟာမိတ် အဖွဲ့ကို အဲဒီ ပဋိပက္ခထဲ အတိအလင်း ဆွဲသွင်းဖို့ဆိုတဲ့ သဘောထားကိုတော့ ဂျာမနီက အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။

 

Ref: CNA