ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းအနီးပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မယ်လို့ဆိုကာ စစ် ကောင်စီက အရပ်ဘက်ရေယာဉ်တွေသွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တာကြောင့် အခက်တွေ့ နေကြတယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။
ဧရာဝတီတိုင်းအနီးပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မယ်လို့ စစ်ကောင်စီကတရားဝင်ထုတ်ပြန်ကြေညာထား တာမရှိပေမယ့် ဒေသတွင်းမှာတော့ စစ်ရေးလေ့ကျင့်မယ်ဆိုပြီး အခုလ ၂၅ရက်ကစလို့ အဲ့ဒိလိုပိတ်ပင်ထားတာလို့ ဆိုပါတယ်။
“ပင်လယ်ထဲ မထွက်ရဘူး တားထားတာသုံးရက်ရှိနေပြီ၊တနေ့လုပ် တနေ့စား အလုပ်သမားတွေ ခင်မျာ နေ့စဉ် ဝမ်းရေး အတွက် အခက်အခဲရှိကြသလို ပင်လယ်ပြင်ငါးဖမ်း ရာသီချိန်မှာရက်အကန့်အသတ် မရှိ ပိတ်တယ် ဆိုတော့ ရေလုပ်ငန်းရှင်တွေ လည်း နစ်နာတယ်” လို့ ဟိုင်းကြီးကျွန်း မြို့ က ရေလုပ်ငန်း လုပ် ငန်းရှင် တဦး က DNAကိုပြောပါတယ်။
ဧရာဝတီတိုင်းပင်လယ် ကမ်းရိုးတန်းဒေသတွေ ဖြစ်တဲ့ သာပေါင်း၊ရွှေသောင်ယံ၊ချောင်းသာ၊ ငွေဆောင်၊ ငရုတ် ကောင်း၊မော်တင် ၊ဟိုင်းကြီးကျွန်း၊လပွတ္တာ၊ဒေးဒရဲ၊ဖျာပုံ၊အမာ စတဲ့ ဒေသ ခံတွေ ဟာ အခုလို အချိန်ကာ လမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း ကို လုပ်ကိုင်ကြ တာ ဖြစ်ပါတယ်။
လက်ရှိမှာစစ်ကောင်စီက ပင်လယ်ပြင်သွားလာခွင့် ပိတ်ပင်လိုက်တာကြောင့်ကမ်းရိုးတန်း တလျှောက် နေထိုင် လုပ်ကိုင်နေကြတဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းသူတွေနဲ့ ပင်လယ် ရေလမ်း ခရီး ကနေ ခရီးသည် နဲ့ ကုန်စည်ပို့ ဆောင်သူတွေ အခက်အခဲဖြစ် နေကြတယ် လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွှေသောင်ယံကမ်းခြေမြို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကတော့ “လက်နက်ကြီးတွေ စမ်းသတ် ပစ် ခတ်ဖို့ ရှိနေလို့ အန္တရာယ် မရှိအောင် အထက်က ပိတ်ခိုင်းထားတာ၊ဘယ်နေ့ ဘယ်အချိန် ပစ်မလဲဆိုတာ မသိဘူး၊ တားထားတဲ့ကြားကထွက်ကြလို့ ထိခိုက်ရင် ထွက်သူတာဝန်ပဲ” လို့ဆိုပါတယ်။
ဒီလိုပိတ်ပင်ခဲ့ပြီးနောက် ဧရာဝတီတိုင်း အနီး ပင်လယ်ပြင်ရှိ ဟိုင်းကြီးကျွန်းမြို့ ပတ်ဝန်းကျင်မှာ မနေ့ကအ မြောက်ပစ်ခတ် သံတွေ ကြား ရပေမယ့် ပင်လယ်ပြင် သွားလာခွင့်ပိတ်ထားတဲ့တခြားဒေသ တွေမှာတော့ ပစ် ခတ်သံတွေ မကြားရဘူးလို့ ဧရာဝတီတိုင်း ပင် လယ်ကမ်းရိုးတန်း အနီး နေထိုင်သူတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ် တွေ ပင်လယ်ပြင်မှာ စစ်ရေးလေ့ ကျင့် တာ နဲ့ ပါတ်သက်ပြီး ဧရာဝတီကမ်းရိုးတန်း တလျှောက် အမြောက်စခန်းတွေက အမြောက်တွေ စမ်းသပ်ပစ် ခတ်တာ ၊ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး ကမ်းတက် တိုက်ပွဲ အတွက်လေ့ကျင့်တာ ၊ဟိုင်းကြီးကျွန်း ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်က စစ်င်္ဘောတွေ က စမ်းသပ် ပစ် ခတ်မှုလုပ်တာမျိုး တွေဖြစ်နိုင် တယ်လို့ ရေတပ် တပ်ကြပ်ကြီးဟောင်း တဦးက သုံးသပ်ပါတယ်။
ဒါပေမဲ့ အရင်က စစ်ရေးလေ့ကျင့်မှုတွေလုပ်မယ်ဆိုရင် ရက်အကန့်အသတ်ကိုပါ စစ်တပ်က တပါတည်းကြိုတင် အသိပေးကြေညာလေ့ရှိတာပါ။
ဒါ့အပြင် လက်ရှိစစ်ကောင်စီတပ်တွေအထိနာနေပြီး ရေလမ်း၊ကုန်းလမ်းအပြင် လေကြောင်းခရီးတွေကိုပါပိတ် ဆို့ဖို့ ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ဟာ ရေလမ်း၊ကုန်းလမ်းဆက်စပ်နေတာကြောင့် ရခိုင် တိုက်ပွဲတွေအခြေအနေအရ ဧရာဝတီတိုင်းဘက်မှာပါ အခုလိုပိတ်ပင်မှုလုပ်တာလို့ ယူဆနေကြတာ လည်းရှိ ပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းရဲ့ ကမ်းရိုးတန်း တလျှောက် စိုးမိုးရေး အတွက် ရွေသောင်ယံ၊ ထိတ်စွန်း အုန်းကျွန်း လိပ်ကျွန်း နဲ့ ဟိုင်းကြီးကျွန်း တို့မှာ အမြောက်တပ်တွေထားရှိ တဲ့အပြင် ကမ်းရိုး တန်း ဒေသစိုးမိုးရေးအတွက် ခလရ ၂၇၁ နဲ့တခြား ခြေလျင်တပ်တွေ စုဖွဲ့ထားရှိပြီး ဧရာဝတီတိုင်း ပင်လယ်ပြင် စိုးမိုးရေး အတွက် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ကို ထားရှိပါတယ်။
ဧရာဝတီတိုင်းရဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသဟာ ဘင်္ဂလားဒေ့ နိုင်ငံ နဲ့ရေလမ်းခရီး နယ်နမိတ် ဆက်စပ်နေပြီး ရခိုင်တပ်တော် AA ထိုးစစ်ကြောင့် စစ်ကောင်စီစိုးမိုးနယ်မြေအများအပြားလက်လွှတ်နေရတဲ့ ရခိုင်ပြည်နယ်နဲ့ လည်း ရေလမ်း၊ကုန်းလမ်း တဆက်တည်း ရှိနေပါတယ်။
photo- google
ပုံစာ- ဧရာဝတီတိုင်းတွေ့ရတဲ့ ငါးဖမ်းစက်လှေတစီး