မင်းပြားရှိ တပ်စခန်းအားလုံး သိမ်းပိုက်ခံရပြီးနောက် ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်

ဖေဖော်ဝါရီ၊ ၂၇
 
မင်းပြားမြို့နယ်ရှိ တပ်စခန်းအားလုံးကို လက်လွတ်ခံရပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ဆေးရုံနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
 
မင်းပြားမြို့နယ်ရှိ မင်းဖူး ဆေးရုံနဲ့ သေကန်ရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ AA ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီကနေ့ ဖေဖော်ဝါရီလ (၂၇) ရက်နံနက် ၁ နာရီ ၄၅ မိနစ်မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို AA က ထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီက ရှုံးမဲမဲကာ လူမျိုးရေး အမုန်းတရားများနဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှု ခံယူနေကြတဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ AA က ပြောပါတယ်။
 
ထိခိုက်ဒဏ်ရရှိမှု အခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
 
မင်းဖူးဆေးရုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့ အရပ်ဘက်ဆေးရုံ တစ်ခုဖြစ်တယ်လို့ AA ထုတ်ပြန်ချက်က ဆိုပါတယ်။
 
အကြမ်းဖက်စစ်ကောင်စီက ရခိုင်စစ်မျက်နှာမှာ တပ်မ၊ တပ်ရင်း ဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနဲ့ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရလို့ ရှုံးမဲမဲကာ မြို့၊ ရပ်ရွာတွေရှိ အရပ်သား ပြည်သူလူထုနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် မင်းပြားမြို့နယ်၊ သေကန်ရွာရှိ စစ်ဘေးရှောင်တွေ တည်းခိုနေတဲ့ စာသင်ကျောင်းတကျောင်းနဲ့ ရွာထဲကို စစ်ကောင်စီက ဒီကနေ့မနက် ၁ နာရီကျော်လောက်မှာ လေကြောင်းက ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အပါအဝင် ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးမှုရှိတယ်လို့ ဆိုပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) က မင်းပြားအခြေစိုက် စစ်ကောင်စီ ရဲ့ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) တပ်ရင်းတွေကို ဖေဖော်ဝါရီ ၆ ရက်မှာ သိမ်းပိုက်ထားတာပါ။ မြို့နယ်အတွင်း နောက်ဆုံး ကျန်ရှိတဲ့ တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်းကိုတော့ မနေ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။ ဒါကြောင့် မင်းပြားမြို့နယ်မှာ စစ်ကောင်စီက တပ်စခန်းအားလုံးကို လက်လွတ်ခဲ့ရပြီး လေကြောင်းကသာ လာရောက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – AA Info Desk