ဒေါ်လာ တဘီလီယံ အလှူကြောင့် အမေရိကန် ဆေးကျောင်းတခုမှာ ကျောင်းသားတွေ ကျူရှင်စရိတ် ကင်းလွတ်ခွင့်ရ

ဖေဖော်ဝါရီ၊ ၂၇

အမေရိကန်က ဆေးကျောင်းတခုဟာ ဒေါ်လာ ဘီလီယံနဲ့ချီ အလှူငွေ လက်ခံ ရရှိခဲ့တဲ့နောက် ကျောင်းသူ ကျောင်းသားတွေကို ကျူရှင်စရိတ် ကင်းလွတ်ခွင့်ရအောင် ထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ အဲလ်ဘတ်အိုင်းစတိုင်း ဆေးကောလိပ်ကို အမေရိကန်ရဲ့ အထင်ကရ ရင်းနှီးမြှုပ်နှံသူ တဦးရဲ့ ကျန်ရစ်သူ အသက် ၉၃ နှစ်အရွယ် ဇနီးသည်က အခုလို ရက်ရက်ရောရော ထောက်ပံ့ လှူဒါန်းခဲ့တာပါ။

ဆေးကျောင်းက ဘရွန့်စ်တက္ကသိုလ် ပါမောက္ခဟောင်း တဦးဖြစ်တဲ့ ဒေါက်တာ ရုသ် ဂေါ့တက်စ်မန်းဆီက ဒေါ်လာ တဘီလီယံ အလှူငွေ လက်ခံရရှိမှုကို အတည်ပြုခဲ့ပါတယ်။ အဲဒီ ငွေပမာဏဟာ အမေရိကန် ကောလိပ်တခုအတွက်ရော၊ တကမ္ဘာလုံးက ဆေးကျောင်းတွေမှာပါ စံချိန်တင် ရရှိတဲ့ အလှူငွေလည်း ဖြစ်လာပါတယ်။

ဘရွန့်စ်ဟာ နယူးယောက်ရဲ့ ခရိုင် ၆၂ ခုထဲမှာ ကျန်းမာရေး အားအနည်းဆုံး အဖြစ် သတ်မှတ်ခံရသလို နယူးယောက်စီးတီး ဧရိယာမှာလည်း အဆင်းရဲဆုံး နယ်မြေအဖြစ် ရပ်တည်နေပါတယ်။

အခု အလှူငွေတွေကို ကျူရှင်ယူဖို့ ငွေကြေး မတတ်နိုင်တဲ့ ကျောင်းသားတွေ အတွက်ပါ ခွဲဝေ အသုံးပြုပေးသွားမယ်လို့ တက္ကသိုလ်ကျောင်းအုပ် ဒေါက်တာ ယာရွန် ယိုမာက ပြောပါတယ်။ ဆေးကျောင်းသားတွေအတွက် ကျူရှင်စရိတ်က တနှစ်ကို ဒေါ်လာ ၅၉၀၀၀ နီးပါးလောက် ကျသင့်တာကြောင့် ကျောင်းသားတွေဟာ အကြွေးနွံနစ်တဲ့ အခြေအနေမျိုး ကြုံရလေ့ ရှိပါတယ်။

အခုတော့ လောလောဆယ် ကျူရှင်တက်နေသူတွေ အပါအဝင် နောက်ဆုံးနှစ် ကျောင်းသူကျောင်းသား အားလုံးဟာ ဩဂုတ်လကစပြီး အခမဲ့ ကျူရှင်တက်ခွင့် ရတော့မယ်လို့ သိရပါတယ်။ 

ဒေါက်တာ ဂေါ့တက်စ်မန်းဟာ ၁၉၆၈ ခုနှစ်ကစလို့ ဘရွန့်စ်မှာ အလုပ်စလုပ်ခဲ့ဖူးသူပါ။ သူ့ရဲ့ လှူဒါန်းမှုဟာ ဆေးကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေ အနေနဲ့ ဘရွန့်စ်မှာသာ မကဘဲ တကမ္ဘာလုံးက လူ့အဖွဲ့အစည်းတွေကို ကျန်းမာရေး အစောင့်အရှောက်တွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ် ဂေါ့တက်စ်မန်းကတော့ Wall Streetရဲ့ ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူ တဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက အသက် ၉၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

 

Ref: BBC