ဖေဖော်ဝါရီ၊ ၂၇
ရည်မှန်းချက်ကြီးကြီး ရေးဆွဲခဲ့တဲ့ တန်ပြန်ထိုးစစ် အစီအမံတွေဟာ ရုရှားဆီ ကြိုတင် ပေါက်ကြားခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
မနှစ်တုန်းက ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့အတွက် အရင်းအမြစ်တွေ ပုံအော အသုံးပြုထားတဲ့ တန်ပြန်ထိုးစစ်ကြီးကို ဆင်နွှဲခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ ရည်မှန်းချက် ကြီးမားလှတဲ့ စစ်ဆင်ရေးကြီးဟာ ရုရှားဖက်က အားကောင်းတဲ့ ခံစစ် အခင်းအကျင်းကို မကျော်လွှားနိုင်ဘဲ အားပျော့ ပျက်ပြယ်သွားခဲ့ရပါတယ်။
နောက်ပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်အတွက် အနောက်မဟာမိတ် နိုင်ငံတွေက ဝိုင်းဝန်း ပံ့ပိုး ကူညီထားတဲ့ စစ်လက်နက် တော်တော်များများကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။
ယူကရိန်းစစ်ပွဲ ၂ နှစ်ပြည့်လာတဲ့ လက်ရှိ ကာလမှာတော့ ဇီလန်စကီးက အဲဒီ တန်ပြန်ထိုးစစ် အစီအမံတွေဟာ ရုရှားဆီ ကြိုတင် ပေါက်ကြားခဲ့တယ်လို့ ပြောကြားသွားပါတယ်။ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် လက်တွေ့ မစခင် ကတည်းက ကရင်မလင် နန်းတော်မှာရှိတဲ့ အစည်းအဝေး စားပွဲဝိုင်းဆီ အဲဒီ အစီအစဉ်တွေအားလုံး ကြိုရောက်နေခဲ့တယ်လို့ ဇီလန်စကီးက သတင်းစာ ရှင်းလင်းပွဲ တခုမှာ မှတ်ချက် ပေးသွားခဲ့တာပါ။
ဘယ်လို အကြောင်းကြောင့် အခုလို ဆိုးဆိုးရွားရွား သတင်းပေါက်ကြားမှု ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ယူကရိန်း သမ္မတက သီးခြား ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
သူက အခုလို အမှားမျိုး နောက်တစ်ကြိမ် ထပ်မကြုံရစေဖို့အတွက် ၂၀၂၄ ခုနှစ်မှာ ယူကရိန်းရဲ့ စစ်ရေး အစီအမံတွေကို အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ စဉ်းစားထားကြောင်းလည်း ဆိုပါတယ်။
အခုနှစ်မှာရော နောက်တကြိမ် တန်ပြန်ထိုးစစ် စတင်ဖို့ စီမံထားတာ ရှိသလား ဆိုတာကိုတော့ ဇီလန်စကီးက တိုက်ရိုက် မဖြေဘဲ စစ်ပွဲနဲ့ ပတ်သက်လို့ အစီအမံ အမျိုးမျိုးကို စဉ်းစားထားကြောင်း၊ ဒါပေမဲ့ သတင်းအချက်အလက် ပေါက်ကြားနိုင်ခြေတွေကို အလေးအနက် စဉ်းစားဖို့ လိုကြောင်းသာ တုံ့ပြန်သွားခဲ့ပါတယ်။
လောလောလတ်လတ် အနေနဲ့ ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်း ထိုးစစ်ကို လအတော်ကြာ ကြံ့ကြံ့ခံခဲ့တဲ့ အက်ဒစ်ဗ်ကာမြို့ကို လက်လွှတ်ခံလိုက်ရပြီး ကာကွယ်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရပြီး ဖြစ်ပါတယ်။
Ref: Independent