အချိန်ပိုဆင်းဖို့ ငြင်းဆန်ခဲ့သူ ငါးဦးအပါအဝင် အမျိုးသမီးအလုပ်သမား ခုနစ်ဦး အလုပ်ထုတ်ခံရ

ဖေဖော်ဝါရီ၊ ၂၆
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက အလုပ်ရုံတခုမှာ အချိန်ပိုဆင်းခိုင်းတာကို ငြင်းဆန်ခဲ့သူ ငါးဦး အပါအဝင် အမျိုးသမီးအလုပ်သမား ခုနစ်ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားတွေကိုကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီကနေ သိရပါတယ်။
 
“အချိန်အခါရ အဆင်မပြေလို့ အချိန်ပိုမဆင်းဖို့ ငြင်းလိုက်တဲ့ ငါးယောက်ကို အရင်ထုတ်တာ၊ နောက်ရက်မှာတော့ သူတို့နဲ့ ပတ်သက်တဲ့ နှစ်ယောက်ကိုပါ ထပ်ထုတ်တာ” လို့ STUM တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ယာမှာ ဖွင့်လှစ်ထားပြီး အဝတ်အထည် ဆေးရိုက်လုပ်ငန်း လုပ်တဲ့ Myanmar Yong Jia Garment Color Correction ကုမ္ပဏီက အလုပ်သမားတွေကို အခုလို အလုပ်ကနေ ထုတ်ပယ်လိုက်တာပါ။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပုံမှန်အလုပ်ချိန် လုပ်ပြီးနောက် ညနေ ၅ နာရီခွဲကနေ ည ၈ နာရီအထိ အချိန်ပိုဆင်းခိုင်းတာကို အိမ်ပြန်ချိန်နောက်ကျမှာဖြစ်တဲ့အတွက် လုံခြုံရေးစိုးရိမ်ရလို့ အလုပ်သမား ငါးဦးက ငြင်းဆန်ခဲ့တာပါ။
 
အဲဒီအချိန်မှာပဲ အလုပ်ရှင်က အချိန်ပိုမဆင်းရင် နောက်နေ့ အလုပ်လာစရာ မလိုတော့ဘူးလို့ ပြောပြီး အဲဒီအလုပ်သမား ငါးဦးကို အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။
 
နောက်တရက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ အလုပ်ထုတ်ခံရသူတွေရဲ့ အဆက်အသွယ်နဲ့ အလုပ်လာလုပ်နေတဲ့ နောက်ထပ်အလုပ်သမား နှစ်ဦးကိုပါ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ထပ်မံအလုပ်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။
 
အဲဒီနောက် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ အလုပ်ထုတ်ခံထားရသူတွေကို အလုပ်ရှင်က ခေါ်ပြီး အလုပ်ပြန်ဝင်ချင်ရင် သူ့ကိုတောင်းပန်ဖို့နဲ့ အချိန်ပိုမဆင်းတဲ့အတွက် ဒဏ်ကြေး ငါးသောင်းစီ ပေးဖို့အပြင် လုပ်ခလစာကိုလည်း ရက်နှစ်ဆယ်စာသာ ရမယ်လို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။
 
ရန်ကုန်မြို့မှာတော့ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် စစ်ကောင်စီတပ်က ညဘက်တွေမှာ အရင်ကထက် ပိုမိုစစ်ဆေးတာ၊ ဖမ်းဆီးငွေညှစ်တာတွေ ပိုလုပ်လာနေတာပါ။
 
အခုလို အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကလည်း ပြန်ချိန်နောက်ကျရင် စစ်ကောင်စီတပ်ရဲ့ အဲဒီလို စစ်ဆေးဖမ်းဆီးမှုနဲ့ ကြုံရမှာကို စိုးရိမ်လို့ အချိန်ပိုဆင်းဖို့ ငြင်းဆန်ခဲ့တာလို့ ဆိုပါတယ်။
 
အခုလို အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ Myanmar Yong Jia Garment Color Correction ကုမ္ပဏီကို DNAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
 
လက်ရှိမှာတော့ အလုပ်ထုတ်တာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလစ) ကို တိုင်ကြားထားပြီး လာမယ့် မတ်လ ၁ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ STUM ဆီကနေ သိရပါတယ်။
 
အခုလို အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာတော့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC စာချုပ်) ချုပ်ဆိုထားတာ မရှိဘူးလို့လည်း သိရပါတယ်။
 
“မချုပ်ထားလို့ပဲ အလစ ကိုတိုင်လိုက်တာ၊ ချုပ်ထားတယ်ဆိုရင်တော့ အလည(အလုပ်သမားညွှန်ကြားမှုဦးစီးဌာ)ပေါ့နော်” လို့လည်း STUM တာဝန်ရှိသူက ပြောပါတယ်။
 
EC စာချုပ်အရဆိုရင်တော့ အလုပ်ရှင်အနေနဲ့ အလုပ်သမားရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပိုလုပ်ခိုင်းခွင့်မရှိပါဘူး။
 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေအနေနဲ့ သဘောဆန္ဒမပါဘဲ ဖိအားပေး အချိန်ပို ခိုင်းစေခံရတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာ၊ အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်ကနေ ထုတ်ပယ်ခံရတာ စတဲ့ ဖိနှိပ်မှုတွေ ကြုံနေရပါတယ်။
 
အလုပ်သမားအရေး ပြဿနာတွေကို ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေကလည်း အလုပ်သမားတွေရဲ့ အခက်အခဲကို ထိရောက်အောင်ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။
 
ဓာတ်ပုံ – Social Media