ရမ်းဗြဲတိုက်ပွဲမှာ စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံး

ဖေဖော်ဝါရီ၊ ၂၆
 
တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူပို့ပေးရာ ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ ကျော် ချေမှုန်းနိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
 
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်လေးစီးနဲ့ ခုနှစ်ကြိမ်တိုင် စစ်ကူလာချခဲ့တာပါ။
 
စစ်ကောင်စီတပ်ဟာ အနောက်ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကျုံပျော်အခြေစိုက် ခလရ (၃၆) နဲ့ အမ်းအခြေစိုက် ခမရ (၃၇၃) လက်အောက်ခံ တပ်သား ၁၂၀ ဝန်းကျင်ကို ရမ်းဗြဲမြို့သို့ စစ်ကူလာပို့ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ မနေ့ညထုတ်ပြန်ချက်မှာ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက မြို့တွင်းနဲ့ အရပ်သားနေထိုင်တဲ့ ကျေးရွာတွေကိုပါ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးတွေ တောက်လျောက်ကြဲပြီး စစ်ကူချတာ၊ တနေ့လုံး ပစ်ချတယ်၊ စစ်ကောင်စီက ပစ်လို့ အရပ်သားတွေလည်း သေတယ်၊ အိမ်တွေလည်း မီးလောင်သွားတယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အဲဒီလို စစ်ကြောင်း ဖြတ်တိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ရမ်းဗြဲမြို့တွင်းနဲ့ အနီးတဝိုက် လူနေရွာတွေဆီ လေကြောင်းကရော စစ်ရေယာဉ်ကပါ လက်နက်ကြီး၊ ဗုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေခဲ့တယ်လို့လည်း AA နဲ့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်၊ ဗုံးကြဲမှုကြောင့် ရမ်းဗြဲမြို့အနီးရှိ ကျက်သရေရွာမှ တက္ကသိုလ်ကျောင်းသားတဦးနဲ့ သက်ကြီးအမျိုးသားတဦးတို့ သေဆုံးပြီး နောက်ထပ်နှစ်ဦးထက်မနည်းလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရမ်းဗြဲမြို့ကို နှစ်ဖက်တိုက်ပွဲမရှိတဲ့ ရက်တွေမှာလည်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခဲ့တာဖြစ်ပြီး မြို့တွင်းလူနေအိမ်၊ စျေးဆိုင်ခန်းတွေနဲ့ အဆောက်အဦး အားလုံးနီးပါး ပျက်စီးခဲ့ပြီလို့် ဒေသခံတွေက ပြောပါတယ်။
 
“တမြို့လုံးနီးပါး မကျန်တော့ဘူး၊ စျေးကတော့ မရှိတော့ဘူး၊ တိုက်ပွဲမရှိလည်း နေ့တိုင်းပစ်နေတာ၊ စစ်ကောင်စီက တမြို့လုံးကို ဖျက်ဆီးနေတာ၊ ဒီနေ့လည်း ပစ်နေတယ်” လို့ ရမ်းဗြဲဒေသခံ နောက်တဦးက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
 
ရက္ခိုင့်တပ်တော် (AA)ဟာ ရမ်းဗြဲမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချထားတဲ့ သိမ်တောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရမ်းဗြဲမြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
 
ဧရိယာစတုရန်းမိုင် ငါးရာဝန်းကျင်နဲ့ လူဦးရေ တသိန်းဝန်းကျင်ရှိတဲ့ ရမ်းဗြဲမြို့နယ်အတွင်း ယခင်တုန်းက စစ်တပ်အထိုင်ချစခန်းတွေ မရှိခဲ့ဘဲ ယခု တကျော့ရခိုင်ပြန်တိုက်ပွဲတွေ ပြန်စပြီးနောက်မှသာ မြို့ပတ်လည်ကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ သိမ်တောင်ပေါ် စစ်ကောင်စီတပ်က လာရောက်အထိုင်ချနေခဲ့တာလို့ မြို့ခံတွေက ပြောကြပါတယ်။
 
ရမ်းဗြဲမြို့နယ်တခုလုံးမှာ စစ်ကောင်စီလက်အောက်ခံ အဲဒီသိမ်းတောင်စခန်းတခုသာ ကျန်တော့ပြီး ရေကြောင်းနဲ့ လေကြောင်းကိုပဲ အားကိုးခုခံနေတာဖြစ်ကာ လက်နက်၊ ရိက္ခာတွေကိုလည်း လေကြောင်းကနေပဲ ချပေးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူမြို့နဲ့ ထိစပ်နေပြီး ပြည်နယ်အလယ်ပိုင်း၊ ရမ်းဗြဲကျွန်းပေါ်မှာ တည်ရှိတဲ့ ရမ်းဗြဲမြို့နယ်အတွင်း ယခင်တိုက်ပွဲကာလတွေတုန်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိခဲ့ဖူးပေမယ့် စစ်ကောင်စီတပ်က လူနေရွာတွေအတွင်း ဝင်ထွက်သွားလာတာ၊ ဒေသခံတွေကို စစ်ဆေး၊ ဖမ်းဆီးတာတွေ ရှိခဲ့ဖူးပါတယ်။
 
ယခုတကျော့ပြန်တိုက်ပွဲအတွင်းမှာတော့ ရမ်းဗြဲမြို့နယ်အတွင်းရှိ အမှတ် (၃၂) ရဲတပ်ရင်းခွဲ၊ မာယာတောင်ရဲစခန်း၊ လေးတောင်နယ်မြေရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း၊ ကျောက်နီမော်နယ်မြေရဲစခန်းတို့ကို AA က ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းကတည်းက သိမ်းယူထားခဲ့ပြီး မြို့ပေါ်တပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။
 
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စခဲ့တဲ့ ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲ သုံးလကျော်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုနဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲမြို့တို့ကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတာပါ။
 
ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ရှိနေပါတယ်။ AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီစခန်းတွေအားလုံးကို တခုမကျန် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်ချအညံ့ခံကြဖို့ သတိပေးထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk