တောင်သူ​​တွေဆီက ကိုဗစ်ကာလ ထောက်ပံ့ငွေ စစ်ကောင်စီ ဖိအား​ပေးပြန်တောင်းနေ

ဖေဖေါ်ဝါရီ၊ ၂၅
 
စစ်ကောင်စီဟာ ယခင် အရပ်သားအစိုးရ လက်ထက်က ဧရာဝတီတိုင်းအတွင်းရှိ တောင်သူ တွေကို ကိုဗစ်ရောဂါ ကာကွယ်ရေးကာလ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ ငွေတွေကို ဖိအားပေး ပြန်တောင်းနေတယ်လို့ တောင်သူတွေက DNA ကို ပြောပါတယ်။
 
စစ်တပ်အာဏာမသိမ်းမီက ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးရေးဘဏ် (စိုက်/ဘဏ်) က ထုတ်ပေးခဲ့တဲ့ ထောက်ပံ့ငွေတွေကို စစ်ကောင်စီရဲ့ ညွှန်ကြားချက် အရ စိုက်/ဘဏ် မန်နေဂျာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဆပ်တဲ့ တောင်သူတွေကို ဖမ်းဆီးထောင်ချမယ်၊ လယ်သိမ်းမယ်ဆိုပြီး ဖိအားပေး တောင်းနေတာပါ။
 
” ထောက်ပံ့ငွေ ပေးခဲ့တာ ၃ နှစ်ကျော်နေပြီ ခုက အတိုးတွေ ဒဏ်ကြေးတွေနဲ့ ပြန်ပေးရမယ်တဲ့ ကိုဗစ်ဒုတိယလှိုင်းပြီးတော့ စစ်တပ်က အာဏာသိမ်းတယ် တတိယလှိုင်းဖြစ်တယ် ထောက်ပံ့ငွေတွေက ကိုဗစ်ရောဂါရယ် စစ်တပ်က အာဏာသိမ်းလိုက်တာတွေကြောင့် စီးပွားပြန်ထူထောင်ဖို့နေသာသာ အားလုံးစီးပွားပျက်နေတာ ဘယ်ပေးနိုင်မှာလဲ ” လို့ ကန်ကြီးထောင့် မြို့နယ်က တောင်သူ ဦးစိုးလွင် ကပြောပါတယ်။
 
ထောက်ပံကြေးငွေ ထုတ်ပေးစဉ်က တောင်သူများကို တဧက ကျပ်ငါးသောင်းနှုန်း ဖြင့်လယ်ဆယ်ဧကအတွက် ပြန်ဆပ်ရမယ့် အချိန်ကာလနဲ့ အတိုးနှုန်း သတ်မှတ်ချက်မရှိဘဲ ပြည်ထောင်စုအစိုးရ အစီအစဉ်နဲ့ ထောက်ပံ့ပေးခဲ့တာလို့ စိုက်ဘဏ် CDM ဝန်ထမ်း အချို့ထံ က သိရပါတယ်။
 
ဒါပေမယ့် တောင်သူအချို့အနေနဲ့ ရာသီချိန် အလိုက်ချေးယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ မကြေသေးတာတွေလည်း ရှိနေနိုင်သေးတယ်လို့ ဆက်သိရပါတယ်။
 
” အာဏာသိမ်းပြီးနောက်ပိုင်းမှာ တောင်သူအတော်များများက စစ်ကောင်စီဆီကနေ စိုက်ပျိုး စရိတ် ချေးငွေ မချေးတော့ဘဲ ကိုယ်ထူကိုယ်ထ လုပ်နေတာ ရှိလာတယ်၊ အမှန်က ကိုဗစ်ထောက်ပံ့ငွေဆိုတာ တရားဝင် အစိုးရက ပေးခဲ့တာ၊ အခုတောင်းနေတဲ့ စစ်တပ်ဆိုတာက မတရား အာဏာသိမ်းတဲ့သူတွေ ပြန်ပေးဖို့မလိုပါဘူး ” လို့ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ဟောင်း ဦးထွန်းအေး ကထောက်ပြပြောကြားပါတယ်။
 
စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်စိုက်ဘဏ်မန်နေဂျာတွေက ကိုဗစ်ထောက်ပံ့ ငွေနဲ့ စိုက်ပျိုးစရိတ် ချေးငွေ ကြွေးကျန်တွေကို ဖေဖေါ်ဝါရီလအတွင်း ပြန်မဆပ်ရင် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ကို သိမ်းဆည်းမယ် လူကိုလည်း အရေးယူမယ် ဆိုတဲ့ အကြောင်းကြားစာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကတဆင့် တောင်သူတွေဆီ ပေးပို့ခဲ့ပါတယ်လို့ သိရပါတယ်။
 
စစ်တပ်အာဏာမသိမ်းခင် ပြည်သူ့အစိုးရ လက်ထက်၂၀၂၀ ခုနှစ် အတွင်းမှာ ကိုဗစ်ရောဂါကြောင့် ရပ်ဆိုင်းသွားတဲ့ နိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် တောင်သူတွေကို ထောက်ပံ့ကြေး ထုတ်ပေးခဲ့သလို အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်တွေနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ ဆန်ကုန်သည်တွေကိုလည်း စီးပွားရေး ပြန်ထောင်ဖို့အတွက် ထောက်ပံ့ကြေးတွေ ထုတ်ချေးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – တောင်သူတွေ ကို ကိုဗစ်ကာလ စီးပွားရေး ပြန်ထူတောင်ဖို့ ထောက်ပံ့ငွေ ပေးတဲ့ မှတ်တမ်းပုံ