ငြိမ်းချမ်းစွာဖြေရှင်းဖို့ လိုအပ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားက ပဋိပက္ခ

ဖေဖော်ဝါရီ၊ ၂၅
 
ချင်းပြည်နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်၊ မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း တိုက်ပွဲဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) လက်အောက်ခံ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ် လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ပလက်ဝမြို့နယ်၊ ပိုက်တေကျေးရွာအနီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)နဲ့ CNA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ် ငါးလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MDF က ထုတ်ပြန်ထားပါတယ်။
 
“ထိုးစစ်ဆင်လာတဲ့အတွက် ကျတော်တို့ကတော့ ပြန်လည်ခုခံတာပဲရှိတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ဘက်က တပ်မဆုတ်မချင်းတော့ ဖြစ်နေဦးမယ်ထင်ပါတယ်” လို့ MDF ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုအတွင်း MDF ဘက်ကလည်း ထိခိုက်မှုရှိခဲ့ပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
 
အခုလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
 
တိုက်ပွဲမှာ CNA တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ ချင်းလဲန့်ကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF Mara) ဘက်ကတော့ တိုက်ပွဲမှာ CNA တပ်ဖွဲ့ဝင် လေးဦး ကျဆုံးတဲ့အပြင် နောက်ထပ် ငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။
 
“သူတို့ကို သွားတိုက်တာမဟုတ်ပါဘူး သူတို့ဘက်က လာတိုက်ထားတာကို စစ်ရေးအရ တုံ့ပြန်တာပါ။ ခုဖြစ်နေတာလည်း ကျွန်တော်တို့ ထိန်းချုပ်နယ်မြေ မရာနယ်မှာပါ” လို့ CDF Mara တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်နဲ့ မတူပီမြို့နယ်တွေက မရာလူမျိုးတွေ နေထိုင်ရာ မရာဒေသမှာ မရာလူမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှစ်ခုဖြစ်တဲ့ CDF Mara နဲ့ MDF တို့ကြား နှစ်ဖက် ပဋိပက္ခတွေ ရှိနေတာ နှစ်နှစ်နီးပါး ရှိနေပါပြီ။
 
အဲဒီ မရာဒေသမှာ CDF Mara က CNF/CNA တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလှုပ်ရှားပြီး MDF ကတော့ ရခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလှုပ်ရှားတာ ရှိပါတယ်။
 
CDF Mara ဘက်ကတော့ လက်ရှိ ဒေသတွင်း အချင်းချင်း ထိတွေ့တိုက်ပွဲတွေမှာ MDF က AA နဲ့ ပေါင်းပြီး သူတို့ကို တိုက်ခိုက်တယ်လို့ ပြောဆိုပေမယ့် MDF ဘက်ကတော့ ငြင်းဆိုပါတယ်။
 
“ဒါကတော့ စွပ်ဆွဲချက်ပါပဲ၊ AA က မပါပါဘူးဗျ” လို့ MDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
 
AAနဲ့ နီးစပ်သူတဦးကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်သာ AA နဲ့ MDF ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ AA ပတ်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး CDF Mara တပ်ဖွဲ့ဝင်တဦးနဲ့ သူ့မဟာမိတ် CNA တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါတယ်။
 
MDF Mara ဘက်ကတော့ အဲဒီပစ်ခတ်မှုဟာ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို ခြုံခိုတိုက်လို့ ဖြစ်တာလို့ ပြောပေမယ့် CDF Mara ဘက်ကတော့ တပ်ဖွဲ့ဝင် ဆယ်ယောက်လောက်ရှိတဲ့ သူတို့ရဲ့ ကင်းစခန်း ချောင်းမြောင်းတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
 
အဲဒီနောက်မှာတော့ အိန္ဒိယနယ်စပ်၊ မတူပီမြို့နယ်ထဲမှာရှိတဲ့ MDF ရဲ့ ဌာနခွဲစခန်းကို CNA နဲ့ CDF Mara ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
 
ဒါ့အပြင် ဖေဖော်ဝါရီ ၅ ရက်နေ့မှာလည်း MDF စခန်းတခုကို CNA နဲ့ CDF Mara ပူးပေါင်းတပ်က သိမ်းပိုက်မီးရှို့ခဲ့ပြီး စခန်းရှိ လက်နက်ခဲယမ်းတွေ၊ ကားတစီးနဲ့ ဆေးဝါးပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါသေးတယ်။
 
အဲဒီလို ပစ်ခတ်မှုအထိ မဖြစ်ခင် ဇန်နဝါရီလအစောပိုင်းမှာတော့ MDF ဘက်က ဖမ်းဆီးခဲ့တဲ့ CDF Mara တပ်ဖွဲ့ဝင် ငါးဦးအထိရှိခဲ့ပြီး သူတို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးထားတဲ့အကြောင်းလည်း MDF တာဝန်ရှိသူက အတည်ပြုပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကလည်း MDF နဲ့ CDF Mara တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး CDF Mara တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့လို့ လက်ရှိအချိန်ထိဆို အချင်းချင်းပစ်ခတ်မှုအတွင်း CDF Mara တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ CNA တပ်ဖွဲ့ဝင် ငါးဦးအထိ ကျဆုံးထားပါတယ်။
 
အခုလို မရာဒေသက ပဋိပက္ခဖြစ်စဥ်မှာ အဓိကကျတဲ့ CDF Mara နဲ့ MDF နှစ်ဖွဲ့စလုံးဟာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် မရာလူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပြီး အရင်ကတော့ အတူတူပူးပေါင်းလုပ်ဆောင်ခဲ့ကြဖူးပါတယ်။
 
နှစ်ဖွဲ့ကွဲသွားပြီးနောက်မှာလည်း MDF ကတော့ AA နဲ့ ပူးပေါင်းပြီး ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ပါဝင်ထားသလို CDF Mara ကတော့ CNF/CNA တပ်နဲ့ လက်တွဲပြီး လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲဆင်နွှဲထားတာပါ။
 
MDF ဟာ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ရဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး CDF Mara ကတော့ ကြားကာလ မရာနယ်ကောင်စီ (IMC)ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာပါ။
 
MTC နဲ့ IMC နှစ်ဖွဲ့စလုံးကတော့ ကျေးရွာ ၄၉ ရွာလောက်ရှိတဲ့ မရာဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်းသွားပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ အပြိုင် ကြိုးပမ်းနေကြပြီး အချင်းချင်းကြားမှာ မပြေလည်တာမျိုးတွေ ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ကတော့ မရာနယ်မြေအတွင်း MDF ကလွဲပြီး တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာကြဖို့ MTC က ထုတ်ပြန်ထားသလို အခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း MTC အုပ်ချုပ်ရေးနယ်မြေအတွင်း ဘယ်တပ်ဖွဲ့မှ ကြိုတင်အသိမပေးဘဲ တပ်စွဲတာ၊ သွားလာလှုပ်ရှားတာ မလုပ်ကြဖို့ နောက်ဆုံးသတိပေးတယ်လို့ MDF က ထပ်ဆင့်ထုတ်ပြန်ထားပါတယ်။
 
အခုလို လူမျိုးတူ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပဋိပက္ခကြောင့် သွေးထွက်သံယိုမဖြစ်အောင်တော့ တာဝန်ရှိသူတွေအချင်းချင်း နှစ်ကြိမ်ထက်မနည်း ညှိနှိုင်းခဲ့ဖူးပေမယ့် အဆင်ပြေမှုတော့ မရခဲ့ဘူးလို့ သိရပါတယ်။
 
“ငြိမ်းချမ်းနဲ့နည်းနဲ ဖြေရှင်းဖို့ ကျွန်တာ်တို့ လမ်းဖွင့်ထားပါတယ်” လို့တော့ CDF Mara တာဝန်ရှိသူက DNA က ပြောပါတယ်။
 
MDF ဘက်ကတော့ အခုလို လူမျိုးတူတော်လှန်ရေးအင်အားစုနှစ်ခုအကြား ပဋိပက္ခတွေမှာ တခြားအင်အားစုတွေ ဝင်စွက်ဖက်တာက ပြဿနာပိုမိုကြီးထွားလာနိုင်တယ်လို့ ဆိုပါတယ်။
 
“တခြားအဖွဲ့တွေအနေနဲ့ ဝင်ပါချင်ရင်လည်း စစ်ရေးနည်းနဲ့ မဟုတ်ဘဲ ညှိနှိုင်းတဲ့ နည်းလမ်းတွေကို သုံးပေါ့နော်၊ ပြီးတော့ လက်ရှိကြားကာလအစိုးရဖြစ်တဲ့ NUG တို့ NUCC တို့ကနေ တာဝန်ယူပြီး ဝင်ညှိတဲ့နည်းလမ်းတို့ကိုပဲ မျှော်လင့်စရာရှိမယ်ထင်တယ်” လို့ MDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
 
ဒါ့အပြင် စစ်ရေးအကဲခတ်သူတဦးကလည်း ဘုံရန်သူစစ်အာဏာရှင်ကို တိုက်ခိုက်နေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့အချင်းအချင်း ညီညွတ်ကြရန်လိုအပ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
 
လက်ရှိချင်းပြည်နယ်မှာတော့ CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာထားပြီး တချို့ ချင်းတော်လှန်ရေးအင်အားစုတချို့ကတော့ အဲဒီလို ဖွဲ့စည်းမှုအပေါ် လက်မခံကြပါဘူး။
 
ဓာတ်ပုံ – Chinland Information Center
ပုံစာ – သင်တန်းဆင်းပွဲတခုမှာတွေ့ရတဲ့ CNA တပ်ဖွဲ့ဝင်တချို့