သာယာ၀တီထောင်မှာ နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းစေမှုနဲ့ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေ

ဖေဖော်ဝါရီ၊ ၂၅
 
ပဲခူးတိုင်း သာယာ၀တီအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက စစ်အာဏရှင်စနစ်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို အလုပ်ကြမ်းတွေ အတင်းအဓ္ဓမခိုင်းစေပြီး မလုပ်နိုင်ပါက ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။
 
မိသားစုတွေကို ဖုန်းဆက်ငွေကြေးတောင်းခံတာ ရှိသလို ထောင်၀င်စာတွေ့ခွင့်ရတဲ့ အချိန်မှာလည်း တောင်းခံတာမျိုးရှိတယ် PPNM အဖွဲ့မှ ကိုသိုက်ထွန်းဦးက DNA ကိုပြောပါတယ်။
 
လက်ရှိ သာယာ၀တီထောင်မှာ ထောင်ပိုင် ရဲရင့်နိုင် ဆိုသူက အုပ်ချုပ်နေပြီ ဦးစီးအရာရှိ ဦးသန်း၀င်း နဲ့ ဦးကျော်လှိုင်မိုး အပါအ၀င် လက်ထောက်ကြီးကြပ်ရေးမှူး ဦးချမ်းသာ ဆိုသူတို့က ပူးပေါင်းကာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု၀င်တွေဆီက ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာလို့ PPNM ကဆိုပါတယ်။
 
အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အိမ်သာသန့်ရှင်းရေးဘုတ်၊ တောင်ယာဘုတ်၊ ရေချိုးကန်ဘုတ်၊ ထမင်းချက်ဖိုကြီးဘုတ် အပါအ၀င် အလုပ်ကြမ်းတွေကို ဖိအားပေး ခိုင်းစေနေတာလို့ ဆိုပါတယ်။
 
အဲဒီအလုပ်တွေကို မလုပ်ချင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မိသားစု၀င်တွေကတဆင့် ငွေကျပ် ငါးသိန်းကနေ ဆယ်သိန်းအထိ တောင်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။
 
အလုပ်ခိုင်းစေတယ် ဆိုတာက နာမည်ခံထားတဲ့သဘောပဲ ဒီလိုမျိုးမလုပ်ချင်သူတွေကို နောက်ကွယ်ကနေ ငွေပေးလာအောင်ပေါ့ တချို့မိသားစု၀င်တွေဆိုလည်း ကိုယ်သားသမီး အဆင်ပြေဖို့ ကြိုးစားရှာပေးမယ်ဆိုတာ သူတို့သိထားတော့ ဒီလိုခေါင်းစဉ်တွေတပ်ပြီး လုပ်လာတာပေါ့ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အကျဉ်းထောင်အတွင်းရှိ တခြားရာဇ၀တ်အကျဉ်းသားတွေနဲ့ ပက်သက်ပြီး အလုပ်ကြမ်းတွေ ခိုင်းစေတာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သတ်မှတ်တာတွေက အကျဉ်းထောင်ဥပဒေမှာ ပါဝင်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့တော့ မအပ်စပ်ဘူးလို့ သူကဆိုပါတယ်။
 
ကျနော်တို့ တုန်းကတော့ အကျဉ်းသားတွေ ညီညွတ်ရင် ထောင်အာဏာပိုင်တွေ ဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့ အလုပ်မလုပ်ရေး ဆန်ကျင်ကန့်ကွက်နေထိုင်တယ် လာခေါ်ရင် မလိုက်သွားတာမျိုးပေါ့ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဥ်းကျခံနေရသူတွေကို အခြားရာဇ၀တ်အကျဉ်းသားတွေလို အလုပ်ကြမ်းတွေ ခိုင်းစေတာမျိုးက မဖြစ်သင့်ဘူးလို့ နိုင်ကျဉ်းမိသားစု၀င်တဦးက ဆိုပါတယ်။
 
“အကျဉ်းထောင်မှာလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့နော် မိသားစုကပေးတဲ့ ပါဆယ်တွေနဲ့ စားသောက်နေကြရတယ် သောက်သုံးရေကစ ကိုယ့်အတွက် ၀ယ်သောက်နေရတဲအချိန် အကျဉ်းထောင်ရဲ့ အလုပ်တွေကို လုပ်ပေးရတာတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်” လို့ သူကဆိုပါတယ်။
 
သာယာ၀တီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းတုန်းကလည်း ထောင်အတွင်း အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးဆယ်ကျော်လောက်ကို ရိုက်နှက်တာတွေအပြင် ထောင်၀င်စာ ပါဆယ်ပို့ဆောင်ခွင့်ပိတ်ပင်တာ ဖမ်းဆီးပြီး တိုက်ပိတ်အရေးယူတာတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီတက အာဏာသိမ်းပြီး တနှစ်လောက်အကြာမှာ နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေရဲ့ အာဏာပိုင်တွေကို စစ်တပ်က အသွင်းပြောင်းရောက်လာသူတွေနဲ့ အစားထိုးခဲ့ပြီး သူတို့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
 
ဒီလ အစောပိုင်းတုန်းကလည်း မြင်းခြံဗဟိုအကျဉ်းထောင်မှာ ထောင်အရာရှိ ဒေါ်ဇင်မာဦး ဆိုသူက ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ကခိုင်းတဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်ကြရမယ့်ဆိုပြီး အသက်အရွယ်ကြီးရင့်သူတွေကိုပါ ဖိအားပေးခိုင်းစေခဲ့ပါသေးတယ်။
 
အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးတွေကို တောင်ယာစိုက်ခင်းတွေမှာ လုပ်ကိုင်ဖို့၊ ချည်ထိုးဖို့နဲ့ ထောင်အာဏာပိုင်တွေ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ ကွမ်းယာရောင်းတဲ့ လုပ်ငန်းအတွက် သတ်မှတ်အရည်တွက် ပြည့်မိဖို့ အိပ်ချိန်တွေမှာ ခိုင်းစေတာတွေ လုပ်ဆောင်ခဲ့တာပါ။
 
“နိုင်ကျဉ်းတွေကို အလုပ်ခိုင်းစေတာရှိတယ် ထင်းပေါက်ခိုင်းတာတို့ မြက်နှုတ်ခိုင်းတာတို့၊ ဘိုကြီးချက်မှာ အလုပ်ခိုင်းတာတို့ ပင်ပင်ပန်းပန်းတွေ လုပ်ခိုင်းတယ်” လို့ မြင်းခြံထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ယခုလ ၂၃ ရက်နေ့အထိ ဖမ်းဆီးခံရသူပေါင်းက ၂၆၁၈၀ ဦးအထိရှိပြီး အဲဒီအထဲမှာ ၈၈၀၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media