မန္တလေးပတ်စ်ပို့ရုံးမှာ လူသေဆုံးမှုဖြစ်ပြီးနောက် ပတ်စပို့ထုတ်ပေးရေးနယ်ရုံးခွဲတချို့မှာပါ အွန်လိုင်း ရက်ချိန်းစနစ်ကျင့်သုံးတော့မယ်

ဖေဖော်ဝါရီ ၊ ၂၄

မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတန်းစီရင်းလူအုပ်ပြိုလို့ နှစ်ဦးလူပိ သေဆုံးမှုဖြစ်ခဲ့တဲ့နောက် မန္တလေးအပါအဝင် နယ်ဘက်တွေက နိုင်ငံကူးလက်မှတ်ရုံးတချို့မှာပါ အွန်လိုင်းကနေ ရက်ချိန်ကြိုယူတဲ့ စနစ် ကျင့်သုံးမယ်လို့ စစ်ကောင်စီကကြေညာလိုက်ပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနဲ့ ၆၅ လမ်းကြား ၁၂ လမ်းပေါ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေး တဲ့ရုံးမှာဒီလ ၁၉ ရက် က တန်းစီရင်း လူအုပ်ပိလို့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီးနောက် အခုလို ပြောင်း လဲလိုက် တာပါ။ 

မန္တလေး ပတ်စ်ပို့ရုံးမှာဖေဖော်ဝါရီလ ၂၅ ရက် (မနက်ဖြန်) မနက် ၉ နာရီကစပြီး ပတ်စ်ပို့ရုံးရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ကြိုတင်စာရင်းသွင်းရက်ချိန်းရယူနိုင်တယ်လို့ အသိပေးထားတာပါ။

ဒါ့အပြင်  ပုသိမ်မြို့ ၊ နေပြည်တော်နဲ့ ပဲခူးမြို့တို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေမှာလည်း အွန်လိုင်းက တဆင့် ရက်ချိန်းရယူပြီး လုပ်နိုင်တော့မယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိ ပေးထားပါတယ်။

ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတော့ အွန်လိုင်းကနေ ရက်ချိန်းကြိုယူတဲ့စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက စတင်ကျင့်သုံးနေခဲ့တာဖြစ်ပြီး မန္တလေးအပါအဝင် နယ်ရုံးခွဲလေးခုကိုတော့ အခုမှ  စတင်မှာဖြစ်ပါတယ်။

မနက်ဖြန်ကစပြီး အွန်လိုင်းရက်ချိန်းယူတဲ့စနစ်ဆောင်ရွက်နိုင်ပြီလို့ဒီကနေ့ကြေညာလိုက်ပေမယ့် မန္တလေးမြို့ ပတ်စပို့ရုံးမှာတော့ ညအိပ်ပြီး ကြိုတင်တန်းစီထားသူတွေရှိတာကြောင့် တန်းစီစနစ်ကတော့ ဒီကနေ့အထိ ရှိနေသေးတယ်လို့ အဲ့ဒီရုံးမှာရောက်နေသူတဦးက DNAကိုပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်ကတည်းက တန်းစီနေတာ အခုအထိကို ရုံးထဲမဝင်ရသေးဘူး၊ဒီနေ့လည်း ညအိပ်စောင့်ရဦးမယ် ထင်တယ်၊ရုံးကလူတွေက ပိုက်ဆံရတဲ့သူတွေ အရင်သွင်းလုပ်ပေးနေတာ” လို့ သူကဆိုပါတယ်။

မန္တလေးမြို့ပေါ်ဒေသခံမဟုတ်ဘဲ နယ်ဝေးကနေ လာရောက်သူတွေက ပတ်စပို ရုံးအနီးနားရှိ ဘုန်ကြီး ကျောင်း တွေမှာ ညအိပ်တည်ခိုရင်း တန်းစီစောင့်ဆိုင်းသူတွေရှိနေတာလို့ သူကဆက်ပြောပါတယ်။ 

အခုလို နယ်ရုံးခွဲတွေမှာ လက်ခံဆောင်ရွက်ပေးလိုက်တဲ့အတွက် ဧရာဝတီတိုင်း ပဲခူးတိုင်းကလူတွေ ရန်ကုန်အထိ လာရောက်စရာမလိုတော့ဘူးလို့ နိုင်ငံကူးလက်မှတ်လုပ်ကိုင်နေသူတွေကပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အိမ်ထောင်စု စာရင်းဝင်တွေမဟုတ်ရင်တော့ အွန်လိုင်း ကတဆင့် ရက်ချိန်းယူထားပေမယ့် လုပ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် အွန်လိုင်းကတဆင့် ရက်ချိန်းရယူတာ ငွေပေးချေတာတွေအတွက် ငွေကျပ် တသောင်းကနေ သုံးသောင် းအထိ အခကြေးငွေရယူပြီး ဝန်ဆောင်မှုပေးနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

“တချို့ကတော့ အွန်းလိုင်ကဘယ်လို စာရင်းသွင်းရတာတွေ မသိကြဘူးလေ၊အဲဒါ့ကိုပွဲစားတွေက ဝန်ဆောင်ခ ယူပြီးတော့ လုပ်ပေးနေတာပါ” လို့ မန္တလေးမြို့က ပတ်စပို့လုပ်ကိုင်နေသူ တဦးကပြောပါတယ်။

စစ်ကောင်စီကတော့ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းတင်တာကို ကြားခံပွဲစား ၊ အကျိုးဆောင်တွေ မလိုအပ်ဘဲ ကာယကံရှင် ကိုယ်တိုင် လျှောက်ထားနိုင်ပြီး အဲဒီလို ငွေကြေးတောင်းခံသူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။

လက်ရှိတန်းစီစနစ်အရ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ ကိုယ်တိုင်ပတ်စပို့လုပ်ဖို့မဟုတ်ဘဲ ဝင်ရောက် တန်းစီနေရာယူကာ အခကြေးငွေနဲ့ နေရာပြန်ရောင်းစားတာမျိုးတွေလည်းရှိနေပြီး ကျပ် သုံးသိန်းကနေ ကျပ်ဆယ်သိန်းအထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်သူတွေ အများအပြားတိုးလာတာကြောင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွေမှာလည်း ပတ်စပို့ကိစ္စတွေအတွက် တန်းစီသူတွေအဆမတန်များလာတာကြောင့်  စစ်ကောင်စီအွန်လိုင်းကနေရက်ချိန်းကြိုယူတဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

ရန်ကုန်မြို့က ပတ်စပို့ရုံးမှာတော့ အွန်လိုင်းကနေ ရက်ချိန်းကြိုတင်ရယူထားသူတွေဟာ အခုနှစ် ဩဂုတ်လ လယ် အထိ ရှိနေပြီး ဒီကနေ့မှာ အွန်လိုင်းကနေရက်ချိန်းယူမယ်ဆိုရင် ဩဂုတ်လလယ်မှရက်ချိန်းရမယ့်သဘောဖြစ် ပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေကတော့ တရက်ကို လူဦးရေ ၂၇၀၀ ဦးနှုန်းနဲ့  နေ ပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီ လိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့ရုံးတွေမှာ လုပ်ပေးနေ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးတဲ့ နောက်ပိုင်း လူငယ် လူရွယ် တွေ ပညာသင်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် ပြည်ပကိုသွားရောက်ဖို့  ကြိုးစားတာတွေပြန်များလာပြီး နယ်ဘက်က ပတ်စပို့ရုံးတွေမှာပါ လူဦးရေအများအပြားတန်းစီကြရတဲ့အခြေအနေတွေပေါ်ပေါက်လာတာပါ။

ပုံစာ – မန္တလေးပတ်စပို့ရုံးမှာ တန်းစီစောင့်ဆိုင်းနေကြသူများ