အမေရိကန် အမျိုးသား လုံခြုံရေးတပ်ရဲ့ ရဟတ်ယာဉ် ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၊ ၂၄

အမေရိကန်မှာ အမျိုးသား လုံခြုံရေး တပ်ဖွဲ့ရဲ့ စစ်ရဟတ်ယာဉ် တစီး ပျက်ကျပြီး လေယာဉ်မှူး နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 မစ္စစ္စပီ ပြည်နယ်ရဲ့ အမျိုးသား အစောင့်တပ်က ပိုင်ဆိုင်တဲ့ AH-64 Apache အမျိုးအစား ရဟတ်ယာဉ်ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ပုံမှန် လေ့ကျင့် ပျံသန်းနေရင်း ဘွန်နီဗီးလ် ဒေသနားမှာ ပျက်ကျသွားခဲ့တာလို့ အမျိုးသား အစောင့်တပ်က ထုတ်ပြန်ပါတယ်။

 အမေရိကန်ရဲ့ စွမ်းရည် အမြင့်ဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား တခုလို့ သတ်မှတ်ခံရတဲ့ Apache ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း၊ သေဆုံးခဲ့တဲ့ စစ်မှုထမ်း နှစ်ဦးရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ထားပြီး ဖြစ်သလို ဆုံးရှုံးမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း အမျိုးသား အစောင့်တပ်က ထုတ်ပြန်ပါတယ်။

အလားတူ မစ္စစ္စပီ ပြည်နယ် အုပ်ချုပ်ရေးမှူး တိတ်ရိဗ်စ်ကလည်း ပြည်နယ်အတွက် အမှုထမ်းရင်း အသက်စွန့်ခဲ့တဲ့ အမှုထမ်း နှစ်ဦးကို ထာဝရ အမှတ်ရနေမှာဖြစ်ကြောင်း Twitterမှာ ရေးသားထားခဲ့ပါတယ်။

 အမေရိကန်ဟာ အခုလပိုင်းအတွင်း စစ်ဘက်ဆိုင်ရာ လေကြောင်း မတော်တဆမှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေကို ဆက်တိုက် ကြုံနေရပါတယ်။ အခုလ အစောပိုင်းမှာတင် CH-53E Super Stallion အမျိုးအစား ရဟတ်ယာဉ်တစီး ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ လေ့ကျင့်ပျံသန်းရင်း ပျက်ကျရာက မရိန်းတပ်ဖွဲ့ဝင် ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

 နောက်ပြီး ဒီဇင်ဘာလတုန်းကလည်း ဂျပန်နိုင်ငံ၊ ယာကူရှီမာ ကမ်းလွန်မှာ အမေရိကန်ရဲ့ V-22 Osprey မျိုးစပ် ရဟတ်လေယာဉ် ပျက်ကျပြီး လေတပ်သား ၈ ဦး သေဆုံးခဲ့တဲ့အတွက် Osprey အားလုံး ပျံသန်းမှုကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

 Ref: CNN