တရုတ်မှာ အထပ်မြင့် လူနေတိုက် မီးလောင်ပြီး ဒါဇင်နဲ့ချီ သေဆုံး

ဖေဖော်ဝါရီ ၊ ၂၄

တရုတ်နိုင်ငံမှာ လူနေ အထပ်မြင့်တိုက်တလုံး မီးလောင်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

 တရုတ်နိုင်ငံ အရှေ့ပိုင်းက လူဦးရေ ၈ သန်းလောက် နေထိုင်ရာ နန်ကျင်းမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့တာပါ။ အထပ်မြင့်တိုက် မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ပထမထပ်က လျှပ်စစ် စက်ဘီးတစီး ထားရှိတဲ့ အခန်းကနေ မီးစတင်တယ်လို့ သိရှိထားရပါတယ်။

 မီးလောင်မှုကြောင့် လူ ၁၅ ဦးသေပြီး ၄၄ ဦးကို ဆေးရုံ တင်ပို့ခဲ့ရကြောင်း၊ တဦးရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

 မီးသတ်ကား နှစ်ဒါဇင်ကျော်က အခင်းဖြစ်တဲ့ နေရာမှာ စုပေါင်း ငြှိမ်းသတ်ခဲ့ကြရပြီး နာရီပေါင်း အတော်ကြာမှာ မီးငြိမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

 မီးလောင်ချိန်က မနက်အစောပိုင်း သန်းခေါင်ကျော်လောက် ဖြစ်နေတာကြောင့်လည်း နေထိုင်သူတွေကို ရွှေ့ပြောင်းပေးရာမှာ နှောင့်နှေးမှုတွေ ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ အဲဒီနေ့ ညနေပိုင်းလောက်မှာ အဆုံးသတ်ခဲ့ပါတယ်။

 နန်ကျင်း မြို့တော်ဝန် ချန်ဇီကျန်က ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

 တရုတ်မှာတော့ အဆောက်အအုံတွေရဲ့ လုံခြုံရေးစံနှုန်း အားနည်းချက်တွေနဲ့ လုပ်ငန်းခွင် ပေါ့ဆမှုတွေကြောင့် လူအသေအပျောက် များပြားတဲ့ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရဲ့ လုံခြုံရေး အစီအမံ ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားတဲ့ မီးလောင်မှုတွေကို ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်ဖို့ ညွှန်ကြားချက်တခု ထုတ်ပြန်ထားခဲ့ရပါတယ်။ 

Ref: Xinhua