နိုင်ငံမြောက်ပိုင်းမှာပါ စစ်ပွဲ ဖြစ်ပွားလာနိုင်ခြေအတွက် ပြင်ဆင်ပြီး အစ္စရေးရေတပ် စစ်ရေးလေ့ကျင့်

ဖေဖော်ဝါရီ ၊ ၂၄

ဂါဇာမှာသာ မကဘဲ နိုင်ငံမြောက်ပိုင်းမှာပါ စစ်ပွဲ ဖြစ်ပွားလာနိုင်တဲ့ အခြေအနေအတွက် အပြင်းအထန် လေ့ကျင့်နေတယ်လို့ အစ္စရေး ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ရေတပ်ဟာ စစ်ပွဲအတွက် ပြင်ဆင် လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ကြောင်း၊ နိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ညှိနှိုင်းလိုစိတ် ကုန်ခန်းတဲ့ အဆင့်ထိ ရောက်နေပြီဖြစ်ကြောင်း အစ္စရေးက ဆိုပါတယ်။

 အစ္စရေး ရည်ညွှန်းတာက လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ အစ္စရေး စစ်တပ်ကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို ဖြစ်ပါတယ်။ အစ္စရေး တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ စစ်ပွဲ စတင်လာချိန် ကတည်းက ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး မြောက်ပိုင်း နယ်စပ်ကို အကြိမ်ကြိမ် ထိပါး တိုက်ခိုက်နေခဲ့ပြီး နှစ်ဖက်စလုံး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကြောင့် ထိခိုက် သေကြေမှုတွေ ရှိခဲ့ပါတယ်။

 အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ဟာ ဒေသတွင်းက အစ္စရေး အုပ်ချုပ်ရေး ကောင်စီရုံးကို ပစ်မှတ်ထားခဲ့သလို နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒရုန်းတစီးကိုလည်း ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ အစ္စရေးက စွပ်စွဲခဲ့တဲ့နောက် တင်းမာမှုတွေ ပိုမို ဆိုးရွားလာနေပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစ္စရေး လေတပ်နဲ့ ကြည်းတပ်ဟာ မြောက်ပိုင်း နယ်စပ်နားမှာ အင်အားပြ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့သလို အခုတော့ ရေတပ်ကပါ စစ်ပွဲအတွက် အသင့်ပြင်ဆင်လာတာ ဖြစ်ပါတယ်။

 အစ္စရေး စစ်တပ်က ဂါဇာ စစ်ပွဲကို အကြောင်းပြုပြီး ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြီး အဆင့်ထိ မဖန်တီးလိုပေမယ့် ဟစ်ဇ်ဘိုလာတွေရဲ့ ဆက်တိုက် ရန်စမှုကို သည်းခံနိုင်တဲ့ အင်အားက တဖြည်းဖြည်း ပါးလျ ကုန်ဆုံးလာနေပြီလို့ သတိပေးထားပါတယ်။

 နိုင်ငံခြားရေး ဝန်ကြီး အစ္စရေး ကက်ဇ်ကလည်း အစ္စရေး အနေနဲ့ နိုင်ငံ မြောက်ပိုင်းက တင်းမာမှုတွေကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ စိတ်ရှည် သည်းခံမှုက လက်ကျန် သိပ်မရှိတော့ဘူးလို့ ပြောကြားထားပါတယ်။ အစ္စရေးဟာ တကယ်လို့ အီရန်ရဲ့ လက်ဝေခံ ပြောက်ကျားအဖွဲ့တွေက ဆက်လက် ရန်စမှုတွေကို ကြုံနေရဦးမယ်ဆိုရင် တင်းတင်းမာမာ လက်တုံ့ပြန်ဖို့ ပြင်ဆင်နေပြီ ဆိုတာကိုလည်း ကုလသမဂ္ဂဆီ တရားဝင် အသိပေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ကက်ဇ်က အတည်ပြုသွားခဲ့ပါတယ်။

 Ref: Times of Israel