စစ်အာဏာရှင်ကို ဖြိုခွင်းဖို့ အစွမ်းကုန် ကြိုးစားနေဆဲ ချင်းပြည်နယ်က လူငယ် တော်လှန်ရေးသမားများ

ဖေဖော်ဝါရီ ၊ ၂၄

စစ်တပ်က မတရား အာဏာသိမ်းလိုက်ပြီး နိုင်ငံကို စစ်ထဲ ဆွဲချလိုက်တဲ့ အချိန်တုန်းက ဂျိုးဆက်ဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းမြို့မှာ အေးအေးလူလူ ပညာသင်ယူနေခဲ့တဲ့ ဥပဒေပညာ အထူးပြု တက္ကသိုလ် ကျောင်းသားတယောက် ဘဝနဲ့ပဲ ရှိခဲ့ပါတယ်။

 ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အခါ မျက်စိသူငယ် နားသူငယ် ဆယ်ကျော်သက် ကျောင်းသားလေးဟာ မိသားစုနဲ့အတူ အိန္ဒိယ နိုင်ငံကို ထွက်ပြေးပြီး အဲဒီမှာ မိခင်ဖြစ်သူ စွဲကပ် ခံစားနေရတဲ့ ကင်ဆာရောဂါကို ဆက်လက် ကုသနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ မီဇိုရမ် ပြည်နယ်ထဲက စစ်ရှောင် စခန်းတခုမှာ သီတင်းပတ် တော်တော်ကြာအောင် နေထိုင်ခဲ့တဲ့ နောက်မှာတော့ ဂျိုးဆက်ဟာ ပြည်တွင်းက အခြေအနေတွေကို ဆက်ပြီး မျက်နှာမလွှဲနိုင်တော့ပါဘူး။ စစ်အာဏာရှင်က ဆန္ဒပြ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းတာ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေကို အကျဉ်းချထားတာတွေကို တွေ့နေရတဲ့ အချိန်မှာ သူဟာ မြန်မာနိုင်ငံဆီ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ် ဒီကောင်တွေ ထင်တိုင်းကြဲပြီး ရမ်းကား ဖျက်ဆီးနေတာကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး”လို့ အခုအခါမှာတော့ လေ့ကျင့်သား ပြည့်ဝတဲ့ ထိပ်တန်း စနိုက်ပါ လက်ဖြောင့်တပ်သား တဦးအဖြစ် ချင်းအမျိုးသား တပ်မတော် (CNA)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျိုးဆက်က ပြောပါတယ်။ CNAဟာ မြန်မာစစ်တပ်နဲ့ ၂၀၁၂ ခုနှစ်မှာ အပစ်ရပ် သဘောတူထားခဲ့ပေမယ့် အာဏာသိမ်းလိုက်တဲ့ ကိစ္စနောက်ပိုင်းမှာတော့ နိုင်ငံအနှံ့က တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တော်တော်များများလိုပဲ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည် စတင်ခဲ့ပါတယ်။

 အာဏာသိမ်းအပြီး ၃ နှစ်လောက် ကြာမြင့်လာချိန်မှာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ မကြုံဖူးလောက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ သမိုင်းကြောင်းအရ သဘောထား ကွဲလွဲမှုတွေ၊ သွေးကွဲမှုတွေ ရှိခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေ၊ EAOတွေကြားမှာ ချိတ်ဆက်မှုတွေ အားကောင်းလာခြင်းနဲ့အတူ အခုဆိုရင် နိုင်ငံ ဧရိယာရဲ့ ထက်ဝက်ကျော်လောက်ကိုတောင် စစ်တပ် လက်ထဲကနေ ဖဲ့ထုတ်ယူပြီး ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။ အဲဒီ အစုအဖွဲ့ အသီးသီးမှာ စစ်ရည်ဝနေတဲ့ ဝါရင့် တိုက်ခိုက်ရေးသမားကြီးတွေဟာ လူငယ် သွေးသစ်တွေကို လက်ကမ်းကြိုကြတယ်။ အဲဒီ လူငယ်တွေကလည်း နိုင်ငံအနှံ့က တော်လှန်ရေး တပ်စခန်းတွေဆီ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ စိတ်အားထက်သန်မှုတွေ၊ နည်းပညာသစ်တွေကို သယ်ဆောင်လာခဲ့ကြပါတယ်။

 “ကျုပ်ဖြင့် စစ်တပ်ကို ခံချလာတာ နှစ်တွေ မနည်းတော့ပါဘူးဗျာ။ ဒါပေမဲ့ ဒီ တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေမှန်း အခုမှ သိတာပေါ့ဗျ”လို့ အသက် ၅၀ အရွယ် တော်လှန်ရေး တပ်သားကြီး ဘိုင်ကလီယန်က ပြောပါတယ်။ သူဟာ CNAမှာ လက်နက်ကိုင် တိုက်ခိုက်ရေးသမားအဖြစ် ၂၅ နှစ်လောက် တာဝန်ယူခဲ့သူပါ။ လောလောလတ်လတ် အသစ်ဖွဲ့စည်းလိုက်တဲ့ ဒရုန်းတပ်ရင်းထဲ ရောက်လာချိန်မှာတော့ ဘိုင်ကလီယန်အတွက် အရာရာက အသစ်အဆန်း ဖြစ်နေပါတယ်။

 CNAကို ချိတ်ဆက်ခဲ့ပြီး အစောပိုင်း လတွေတုန်းက ဂျိုးဆက်ဟာ ဝိတိုရိယစခန်း (Camp Victoria)လို့ ခေါ်တဲ့ ဌာနချုပ်မှာ လပေါင်းအတော်ကြာအောင် ပြင်းထန်တဲ့ စစ်သင်တန်းတွေ တက်ခဲ့ရတယ်။ သူက အတတ်မြန်သူ တယောက်ပါ။ ဒီလိုနဲ့ပဲ ဂျိုးဆက်ဟာ ထိပ်တန်း စနိုက်ပါ အဖွဲ့ထဲမှာ ရာထူးတိုး ခန့်အပ်ပေးခြင်း ခံခဲ့ရပါတယ်။ လောလောလတ်လတ်အဖြစ် ချင်းပြည်နယ်ထဲက ရေဇဝါမှာ ရဲစခန်း တခုကို CNAက တိုက်ခိုက် သိမ်းယူရမှာ သူဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

 “စနိုက်ပါတယောက် ဖြစ်ဖို့တော့ စိတ်ဓာတ် ကြံ့ခိုင်မှု အများကြီး လိုတာပေါ့”လို့ အခုအခါ အသက် ၂၁ နှစ် ရှိလာပြီဖြစ်တဲ့ ဂျိုးဆက်က ရှင်းပြပါတယ်။ “အပြင်းအထန် အားထုတ် လေ့ကျင့်ခဲ့ရပေမယ့် ဒါဟာ ဒီမိုကရေစီအတွက်၊ ကျွန်တော်တို့ ပြည်သူတွေ လွတ်လပ်ဖို့အတွက်ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ထားပါတယ်”လို့လည်း သူက ဆက်ပြောတယ်။

 တော်လှန်ရေးသမား ဘဝမှာ သူဟာ သေနတ်ပစ် လက်ဖြောင့်ဖို့ချည်း သင်ယူခဲ့ရတာ မဟုတ်ပါဘူး။ တော်လှန်ရေးသမားတွေရဲ့ စွန့်လွှတ် အနစ်နာခံရမှုတွေကိုလည်း လက်တွေ့ သိရှိလာခဲ့ရတယ်။ CNA အဖွဲ့ဝင် ဖြစ်လာချိန် ကတည်းက ဂျိုးဆက်ဟာ မိသားစုနဲ့ လုံးဝ ပြန်မဆုံရသေးပါဘူး။ ဇွန်လတုန်းက ရှေ့တန်းတနေရာမှာ သူရှိနေတုန်း မိသားစုထဲက အစ်မကြီး ဖြစ်သူဟာ ဥရောပမှာ ဘဝသစ် ထူထောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံကို စွန့်ခွာသွားကြောင်း သတင်းပြန်ကြားလာရတယ်။ သူ့ရဲ့ အစ်မကြီးဟာ လှေတစီးနဲ့ စွန့်စားပြီး လိုက်ပါသွားခဲ့တာပါ။ အဲဒီအကြောင်းကို ဂျိုးဆက် ပြန်ကြားတော့ သူ့အစ်မကြီး ထွက်ခွာသွားတာ တပတ်လောက်တောင် ရှိခဲ့ပြီးပါပြီ။ အဲဒီ အချိန်ကတည်းက သူ့အစ်မ သတင်းကို မကြားတော့သလို သူ့အစ်မရဲ့ ရည်မှန်းချက် အထမြောက်ခဲ့သလား ဆိုတာကိုလည်း ရေရေရာရာ မသိရတော့ပါဘူး။

 “အေးအေးချမ်းချမ်း နေချင်တဲ့ သာမန်ပြည်သူတွေရဲ့ ဘဝဟာ အာဏာသိမ်းလိုက်လို့ ဘာတွေ ဖြစ်ကုန်သလဲ ဆိုတာ ဒါက သက်သေပဲလေ”လို့ သူက ဆိုတယ်။ ဒါပေမဲ့ သူ့ကို အထိခိုက် အကြေကွဲဆုံး ဖြစ်စေတာကတော့ ရဲဘော်ရဲဘက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုပဲ ဖြစ်တယ်လို့ ဂျိုးဆက်က ပြောပြပါတယ်။

 တိုက်ပွဲဝင်ရင်းနဲ့ သူဟာ အနီးကပ်ဆုံး မိတ်ဆွေ အပေါင်းအသင်း တချို့ကို ဆုံးရှုံးခဲ့ရပြီးပါပြီ။ ပူပူနွေးနွေး အနေနဲ့ သူ့သူငယ်ချင်း အေရိုဆီသန် တန်လင်ဟာ မစ်ရှင်တခုကို တာဝန် ထမ်းဆောင်နေရင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေ လက်ချက်ကြောင့် မြင့်မြတ်စွာ အသက်ပေးခဲ့ရပါတယ်။ သားဖြစ်သူရဲ့ ရုပ်အလောင်း မြှုပ်နှံထားရာ မြေပုံဆီ သူငယ်ချင်းရဲ့ မိဘတွေကို ကိုယ်တိုင် ပို့ဆောင်ရချိန်မှာ ဂျိုးဆက်တယောက် ဘယ်လိုမှ စိတ်တင်းမထားနိုင်တော့ဘဲ မျက်ရည်ကျခဲ့ပါတယ်။

 “စစ်ပွဲမှာ လူငယ်တွေ အများကြီးကို ကျွန်မတို့ ဆုံးရှုံးခဲ့ရပြီးပြီ”လို့ အေရိုဆီသန်ရဲ့ မိခင်က ပြောပါတယ်။ အမျိုးသမီး ကိုယ်တိုင်တောင်မှ အသက် ၃၇ နှစ်ပဲ ရှိပါသေးတယ်။ “နောက်ထပ် နာကျင်စရာတွေ အများကြီး ကြုံလာနိုင်ပါသေးတယ်”လို့လည်း သူက ဆိုတယ်။

 ရှေ့တန်း စစ်မြေပြင်တွေမှာတော့ အမျိုးသားတွေက အဓိက ကြီးစိုးထားဆဲ ဆိုပေမယ့်လည်း အာဏာသိမ်းမှုနောက်ပိုင်း CANကို အမျိုးသမီးတွေ ဝင်ရောက်မှုလည်း သိသိသာသာ တိုးလာတယ်လို့ ဝါရင့် တော်လှန်ရေးသမားကြီးတွေက ပြောပြပါတယ်။

 ရိုင်ဖယ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် ပစ်ခတ်နိုင်တဲ့ အတွက်ရော၊ စစ်ဆင်ရေးတွေ ရေးဆွဲရာမှာ ပင်ကို ဗီဇအရ ထူးချွန်မှုကြောင့်ပါ မက်တလိန်ဟာ အမျိုးသား ရဲဘော်ရဲဘက်တွေကြားမှာတောင် လေးစားခံရသူ တဦး ဖြစ်လာပါတယ်။ နောက်ပြီး တော်လှန်ရေးမှာ ရုံးထိုင်နဲ့ ကင်းစောင့် တာဝန်လောက်သာ အဓိက ယူနေရတဲ့ အမျိုးသမီးတွေအတွက် တိုက်ခိုက်ရေး ကဏ္ဍကို ကူးပြောင်းနိုင်ကြောင်း စံနမူနာ ထားထိုက်သူလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မက်တလိန်က သူဟာ အခုအချိန်ထိ တခြား အမျိုးသမီး တယောက်ယောက်နဲ့အတူ စစ်ဆင်ရေး မစ်ရှင်တွေ လုပ်ဆောင်ရတာမျိုး မကြုံဖူးသေးဘူးလို့ ပြောပါတယ်။

 “တောထဲတောင်ထဲမှာ စစ်ဆင်ရေး လုပ်နေရင်း ကျွန်မ ဓမ္မတာလာတာ ကြုံရတာ အကြိမ်ကြိမ်ပဲ”လို့ သူက လုံခြုံရေး ကင်းစခန်းနားက မီးပုံမှာ အနွေးဓာတ်ရအောင် လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း ပြောပြပါတယ်။ လက်နက်နဲ့ ကိရိယာ တန်ဆာပလာတွေ အလေးကြီးကို သယ်ရင်း ပြေးလွှားနေရချိန်တွေမှာ ဒီအခြေအနေမျိုးက ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရသလဲ ဆိုတာကို ရှင်းပြဖို့တောင် မလွယ်ဘူးလို့ မက်တလိန်က ဆိုပါတယ်။ တခါတလေကျရင် ရာသီဥတုက မိုးရေတွေ စိုစွတ်ပြီး ခိုက်ခိုက်တုန်နေတတ်ပြန်တယ်။ “ဒါပေမဲ့ ရှေ့တန်းရောက်နေတဲ့အချိန် အနားတောင်းလို့ မရဘူးလေ”လို့ အာဂ အမျိုးသမီးက ပြောပါတယ်။

 ဘက်လို အခက်အခဲတွေ ရှိပါစေ၊ သူ့ရဲ့ ခံယူချက်တွေကတော့ ယိမ်းယိုင်မသွားပါဘူး။ “ကျွန်မတို့ ဆက်ပြီး တိုက်မှာ”လို့ သူက ပြတ်ပြတ်သားသား ဆိုတယ်။ တခါတလေတော့လည်း မက်တလိန်တယောက် တော်လှန်ရေး မတိုင်ခင် သူ့ရဲ့ ဘဝဟောင်းကို လွမ်းဆွတ်မိတတ်ပြန်တယ်။ သံလွင်ရောင် စစ်ယူနီဖောင်းအစား တီရှပ်နဲ့ ဂျင်းဘောင်းဘီလေးတွေဝတ်ပြီး မိတ်ကပ် လိမ်းခြယ်ချင်တယ်။ စစ်အာဏာရှင် အုပ်စိုးမှုနဲ့ တောတွင်း တိုက်ပွဲတွေ အဆုံးသတ်ရာ အနာဂတ်မျိုးကို သူမှန်းဆကြည့်မိတယ်။ တကယ်လို့ စစ်တပ်သာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး အခုလောက်ဆို လျှပ်စစ်အင်ဂျင်နီယာတယောက် ဖြစ်နေလောက်ပြီလို့ မက်တလိန်က ပြောပါတယ်။

 CNA အပါအဝင် တော်လှန်ရေး အင်အားစုတွေရဲ့ လက်ရှိ စစ်မြေပြင် အောင်ပွဲတွေကြောင့် မက်တလိန် လိုလားတဲ့ အနာဂတ်မျိုးအတွက် မျှော်လင့်ချက်တွေကလည်း ပြန်ပြီး ရှင်သန်လာခဲ့ပါတယ်။

 အောက်တိုဘာလကစလို့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဟန်ချက်ညီညီ ချိတ်ဆက်ပြီး စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို အကျိုးဆက် အနေနဲ့ မြို့တွေနဲ့ တပ်စခန်းတွေကို သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။ CANရဲ့ ဝါရင့် စစ်ပြန်ကြီး ဘိုင်ကလီယန်ကတော့ အစဉ်အလာအရ အားအကောင်းဆုံး လက်နက်ကိုင် အင်အားစုအဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့တဲ့ မြန်မာစစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက အခုလောက် ထိထိရောက်ရောက်နဲ့ ဟန်ချက်ညီညီ တုံ့ပြန်လာနိုင်တာမျိုး ဘယ်တုန်းကမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။

 အဲဒီလို ရလဒ်ကောင်းတွေ ပိုင်ဆိုင်လာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ လူငယ်တွေရဲ့ ထိုးထွင်းတီထွင်မှုတွေဟာ တခု အပါအဝင် ဖြစ်တယ်လို့ သူက ယုံကြည်နေတယ်။ ဥပမာ လူငယ်တွေရဲ့ မိတ်ဆက်ပေးမှုနဲ့အတူ တော်လှန်ရေး အင်အားစုတွေဟာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ခဲ့ပြီး လတ်တလော စစ်ဆင်ရေးတွေမှာ အဲဒီ နည်းပညာကြောင့် စစ်တပ်ကို တော်တော်ကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေက အင်တာနက်မှာ မွှေနှောက် ရှာဖွေရင်း ဒရုန်းတွေကို စစ်မြေပြင်နဲ့ လိုက်လျောညီထွေအောင် ဘယ်လို ပြုပြင်စီမံ အသုံးချရမလဲ ဆိုတာကို စဉ်ဆက်မပြတ် သင်ယူကြသလို အချင်းချင်း အသိပညာ ဗဟုသုတတွေ ဝေမျှကြတယ်။ သူကိုယ်တိုင်တောင် မကြာသေးခင်ကမှ ဒရုန်းပေါ်ကနေ ဖောက်ခွဲရေး ပစ္စည်းတွေ ကြဲချနိုင်အောင် ဘယ်လို မွမ်းမံပြင်ဆင်ရမလဲ ဆိုတာကို သင်ယူ တတ်မြောက်လာတယ်လို့ ဘိုင်ကလီယန်က ဆိုတယ်။ “အဲဒီနည်းက တကယ်ထိရောက်တာဗျ”လို့ သူက အားရပါးရ ပြောပြပါတယ်။

 ခြုံပြောရရင်တော့ CNAရဲ့ ဝါရင့် အဆင့်မြင့် အရာရှိကြီးတွေ ကိုယ်တိုင်က အာဏာသိမ်းမှုအလွန် လှိုင်းရိုက်ခတ်သလို တလိမ့်ပြီးတလိမ့် ဆန္ဒအလျောက် ဝင်ရောက်လာတဲ့ လူငယ်တွေရဲ့ အင်အားနဲ့ ကျွမ်းကျင်မှုတွေကို အံ့ဩနေကြသလို ကျေးဇူးလည်း တင်နေကြတယ်။ CANရဲ့ အဆိုအရ အဖွဲ့ရဲ့ အင်အား ၅၀၀၀ လောက်ထဲက ၇၀ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းကမှ လာရောက်ပူးပေါင်းကြတဲ့ လူသစ်တွေလို့ သိရပါတယ်။ ပုံမှန်ဆိုရင် တိုက်ပွဲဝင် အတွေ့အကြုံ မရှိတဲ့သူတွေ အရမ်းများလာရင် တင်းမာမှုတွေနဲ့ တခြား မလိုလားအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းက ခုခံစစ်ပွဲတွေမှာတော့ ဝါရင့် တော်လှန်ရေးသမားကြီးတွေနဲ့ တက်ကြွတဲ့ လူငယ်တွေ ဟန်ချက်ညီညီ ရောစပ်ပြီး ထိထိရောက်ရောက် လှုပ်ရှားနေကြပါတယ်။

 CNAရဲ့ တော်လှန်ရေး အင်အားစုတွေကတော့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တိုင်းရင်းသားရေး ပဋိပက္ခတွေလိုမျိုး အခြေခံကျတဲ့ ပြဿနာတွေကို ဖြေရှင်းရေးမှာ စစ်တပ်ကို ဖယ်ရှားဖို့ ဆိုတဲ့အပေါ် အများကြီး မူတည်နေတယ်လို့ ယုံကြည်နေကြပါတယ်။ ပြီးတော့ စစ်တပ် အုပ်စိုးမှု ချုပ်ငြိမ်းသွားမှသာ တကွဲတပြား ရွှေ့ပြောင်းနေကြရတဲ့ မိသားစုတွေ ပြန်လည် ပေါင်းဆုံနိုင်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေမယ်လို့ ယူဆထားကြပါတယ်။

 ဂျိုးဆက်တို့ မိသားစုနဲ့ မတူတာကတော့ ဘိုင်ကလီယန်ရဲ့ ဇနီးဟာ သမီးနှစ်ယောက်နဲ့အတူ အိန္ဒိယမှာရှိတဲ့ စစ်ရှောင် စခန်းတခုမှာ အာဏာသိမ်း ကာလတလျှောက်လုံး ရှိနေခဲ့ပါတယ်။ “စစ်တပ် ပြုတ်မကျမချင်း ကျုပ်ရဲ့ မိသားစုနဲ့ ပြန်တွေ့ဖြစ်ဦးမယ် မထင်ဘူး။ တော်လှန်ရေး ဆိုတာက ပေးဆပ်မှု အကြီးကြီးတွေနဲ့ တိုက်ပွဲဝင်ကြရတာပဲလေ”လို့ ဘိုင်ကလီယန်က ပြောပါတယ်။

(Christian Science Monitor၏ Meet the young rebels fighting against Myanmar’s junta ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)