ဖေဖော်ဝါရီ ၊ ၂၃
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ကံထူးမ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီဒေသတဝိုက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံ တသောင်းကျော်လောက် အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ရေဦးမြို့နယ်အခြေစိုက် People’s Defence Comrade အဖွဲ့က ကို ထူးခန့်ဇော်(အမေ့သား) က ပြောပါတယ်။
တန့်ဆည်မြို့ အနောက်ဘက် ကိုးမိုင်ကျော်အကွာ တန့်ဆည်-ကလေးဝလမ်းပေါ်မှာ ရှိတဲ့ ကံထူးမရဲစခန်းကို ဒေသကာ ကွယ်ရေးတပ်တွေက အခုလ ၂၁ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ခဲ့ကြပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ကောင်စီက လက်နက်ကြီး၊လေကြောင်း ပစ်ကူတွေပါ အသုံး ပြုခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းတွေကလည်း တန့်ဆည်မြို့တောင်ဘက်မှာရှိတဲ့ ရေဦးမြို့နယ်ဘက်ကရော ကန့်ဘလူနယ် ဘက်က ပျူစောထီးအုပ်စုစစ်ကြောင်းတွေပါ ရောက်လာခဲ့တာလို့ဆိုပါတယ်။
“ စစ်ကြောင်း ကလှုပ်ရှားမှုမရှိသေးဘူး၊ဘီလူစစ်ကြောင်းက ကံထူးမရွာထဲ မှာရှိတယ်၊နေအိမ်တွေကို လှည့်ပတ်မွှေနေတယ် မီးရှို့တာတွေလုပ်နိုင်လို့စောင့်ကြည့်နေတယ် ” လို့ ကိုထူးခန့်ဇော် (အမေ့သား) ကဆိုပါတယ်။
ကံထူးမရွာ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအသုံးပြုခဲ့ပြီး ကံထူးမရွာနဲ့ အနီးအနားပတ်လည်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော်အထိ ပြုလုပ်ကာ ဗုံးသီး ခြောက် ဆယ်ကျော် ကြဲချခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် အင်တိုင်း၊ စီးကြီး၊ အနောက်ကုန်း၊ တောင်စွန်း၊ မှန်ချိုင်၊ ပန္နဲကုန်း၊ သရက်ကွ၊ မှန်ရင်း၊ ကန်ပေါက်၊ ကိုးတောင်ဘို့၊ ဝါးရုံကန်၊ အင်တံခါး၊ သာယာကုန်း၊ ရွာသစ်၊ ညောင်ရင်း၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း ခရမ်းခြံ၊ ကော်တက်၊ ကံထူးမ၊ အင်ရေအိုး၊ ရေရှင် စတဲ့ ကျေးရွာ နှစ်ဆယ်လောက်က ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေခဲ့ရတာပါ။
ကံထူးမ စံပြကျေးရွာဟာ နေအိမ်ပေါင်း ၂၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေး၀ ဖက်ကို သွားတဲ့ မော်တော်ယာဉ်ဂိတ်တွေ၊ စျေးဆိုင်ခန်းတွေလည်းရှိတဲ့ ရွာကြီးတရွာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နီးစပ်ရာကျေးရွာတွေမှာ ပါလာတဲ့ စားနပ်ရိက္ခာကို ခွဲဝေစား သောက်နေ နိုင်သေး ပေမယ့် ရက်ရှည်စစ်ဘေးရှောင်နေရရင်တော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။
“ ရေရှည်ဆိုရင်တော့ မလွယ်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ အကုန်လုံးကလည်း နိုင်သလောက်ကလေးလောက်ပဲ သယ်ပြီးထွက်ပြေးခဲ့ရတာဆိုတော့ ပိုအလျှံသိပ်မပါကြဘူး။ လေယာဉ်နဲ့ တအားပစ်နေတာဆိုတော့ ဝေးရာကို အတင်း ထွက်ပြေးခဲ့ရတယ် ” လို့ အဲ့ဒီဒေသခံကပြောပါတယ်။
ကံထူးမကျေးရွာ နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲနဲ့ စစ်တပ်က ပူးပေါင်းပြီး အင်အား လေးဆယ် လောက်နဲ့ အထိုင်ချထားတာဖြစ်သလို ဒီလ ၂၁ ရက်က စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က နှစ်ဦး ကျဆုံးခဲ့ပြီး စစ်အုပ်စုဘက်ကတော့ အထိအခိုက်များပြီး လေးငါးဦးသာ လွတ်မြောက်သွားတယ်လို့ ကိုထူးခန့်ဇော်(အမေ့သား) ကဆိုပါတယ်။
တော်လှန်ရေး တပ်တွေက စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒါအပြင် စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ဆယ်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သလို ကံထူးမရွာနဲ့ အနီးကကျေးရွာတွေက ပြည်သူပိုင်နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးသွားပေမယ့် အရေအတွက်ကိုတော့ မသိနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
တန့်ဆည်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေက ရဲစခန်းအပါအ၀င် အုပ်ချူပ်ရေးရုံးတွေမှာသာ စုဖွဲ့ပြီး အထိုင်ချနေ ထိုင်လေ့ရှိပြီး ကျေးရွာတွေဘက်ကို တော့အခုလိုပဲ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်တတ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကလည်း တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝိုင်း၀န်းတိုက်ခိုက်ခဲ့ကြသေးပေမယ့် အထိနာတဲ့ စစ်တပ်က လေကြောင်းက တဆင့် အင်အားဖြည့်တင်းပြီး မြို့အနီးက ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ဒီလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံ တ၀န်းမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေဟာ ၂ ဒသမ ၇ သန်းနီးပါးအထိရှိပြီး အဲဒီအထဲမှာ လူဦးရေ ၂ ဒသမ ၄ လောက်က အာဏသိမ်းမှုဖြစ်ပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရသူတွေဖြစ်ပါတယ်။
ဓာတ်ပုံ – CJ