ရခိုင်ကို ပြန်လာတဲ့ လေယာဉ်စီးခရီးသည် ရာချီကို စစ်ကောင်စီ ဖမ်းဆီးထား

ဖေဖော်ဝါရီ၊ ၂၃
 
ရန်ကုန်အပါအအဝင် ပြည်ပနိုင်ငံတွေကနေ ရခိုင်ပြည်တွင်းသို့ ပြန်လာကြတဲ့ ခရီးသည်တွေကို စစ်ကောင်စီက ဖမ်ဆီးနေပြီး အဖမ်းခံထားရသူ ရာချီရှိပြီဖြစ်ကာ အဆက်အသွယ်မရသူတွေလည်း ရှိနေတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
“လေဆိပ်က ထွက်တာနဲ့ တခါတည်း ကားနဲ့ခေါ်သွားတာ၊ နေ့တိုင်းဖမ်းနေတယ်၊ အဖမ်းခံရတာ ရာချီရှိတယ်၊ လွှတ်ပေးတာလည်း သိပ်မကြားဘူး” လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲ ပေါ်တာဆွဲတာတွေနဲ့ စစ်အုပ်စုရဲ့ လူမျိုးရေးအမုန်းတရားလှုံ့ဆော်မှုတွေကြောင့် ရန်ကုန်ရောက် ရခိုင်လူမျိုးအလုပ်သမားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ရခိုင်ပြည်ကို ဆက်တိုက်ပြန်လာနေကြတာပါ။
 
ဒါ့ကြောင့် စစ်ကောင်စီဟာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း စတဲ့လေဆိပ်တွေကနေတဆင့် ရခိုင်ပြည်သို့ လာတဲ့ခရီးသည်တွေအားလုံးကို ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
 
လေယာဉ်စီးခရီးသည်တွေကို ဒီလ ၁၉ ရက်ကတည်းက အဲဒီလို ဖမ်းဆီးနေခဲ့တာဖြစ်ပြီး တချို့ကို ပြန်လွှတ်ပေးပေမယ့် ပြန်လွတ်မလာသေးသူတွေလည်း အများအပြား ကျန်နေတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
 
စစ်တွေလေဆိပ်ကနေ ဖမ်းဆီးသူတွေကို စစ်တွေမြို့ လောကနန္ဒာဘုရားဝင်း ဓမ္မာရုံထဲမှာ ထားပြီး စစ်ဆေးနေကာ ကျောက်ဖြူလေဆိပ်မှ ဖမ်းဆီးသူတွေကိုတော့ မြို့ပေါ် ရမ္မာဝတီခန်းမထဲမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ရန်ကုန်မှာ စက်ရုံလုပ်တဲ့ ကောင်မလေးတွေ၊ ရွာက ကလေးတွေကို (စစ်တွေ)လေဆိပ်မှာ ဖမ်းသွားတယ်တဲ့၊ ရန်ကုန်က လှမ်းပြောမှ သိရတာ၊ အခု အဆက်အသွယ်လည်း မရဘူး၊ အိမ်ကိုလည်း မရောက်လာသေးဘူး” လို့ မင်းပြားမြို့နယ်မှ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံတွေဟာ လေယာဉ်စီးခရီးသည်တွေထဲက အချို့ကို ငွေတောင်းကာ ပြန်လွှတ်ပေးပေမယ့် တချို့လူငယ်တွေကိုတော့ စစ်ကောင်စီတပ်ရင်းတွေဆီ ခေါ်သွားတာလည်း ရှိနေတယ်လို့ ဒေသခံတွေက DNA ကို ပြောထားကြပါတယ်။
 
ရခိုင်ဒေသတိုက်ပွဲတွေစကတည်းက ရခိုင်ပြည်တွင်းသို့ အဝင်အထွက် ကားလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ထားတာကြောင့် လေကြောင်းကနေတဆင့် လာနေကြတာဖြစ်ပြီး လေယာဉ်လက်မှတ်တွေလည်း အဆမတန်စျေးတက်နေတယ်လို့ ဆိုပါတယ်။
 
လွန်ခဲ့တဲ့တလဝန်းကျင်က ရန်ကုန် – စစ်တွေလက်မှတ်တစောင်ကို နှစ်သိန်းနီးပါးသာ ရှိခဲ့ရာကနေ အခုအခါ သုံးသိန်းကျော်ကနေ လေးသိန်းကျော်အထိ စျေးတက်နေတယ်လို့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။
 
“လက်မှတ်တွေလည်း စျေးချက်ချင်းတက်သွားတယ်၊ ပြန်တဲ့သူတိုင်းအဖမ်းခံနေရတော့ ပြန်ဖို့လည်း မရဲတော့ဘူး၊ လက်မှတ်ကလည်း ဝယ်ထားပြီးပြီ၊ ဒီဘက်(ရန်ကုန်)မှာလည်း မလုံခြုံဘူး”လို့ ရန်ကုန်ရောက် ရခိုင်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ဒေသ တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကတည်းက ရခိုင်ပြည်တွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုပါ ခရီးသွားလာခွင့်နဲ့ ကုန်စည်၊ ဆေးဝါး သယ်ယူခွင့်တွေကိုလည်း တားမြစ်ခဲ့ပါတယ်။
 
အဲဒီကတည်းက မြို့တော်စစ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိသေးတဲ့မြို့တွေကို ဝင်ထွက်ခွင့် ပိတ်ကာ ဆေးကုသဖို့နဲ့ စျေးဝယ်၊ စျေးရောင်းဖို့ လာသူတွေကိုပါ ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး အခုထိ ပြန်မလွှတ်သေးသူတွေလည်း ရှိနေပါသေးတယ်။
 
အခုအခါ ရခိုင်ပြည်တွင်းသို့ ဝင်လာတဲ့ ခရီးသည်တွေကိုပါ ဖမ်းဆီးမှုတွေ ထပ်လုပ်လာတာပါ။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလကျော်အတွင်း ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး ကျန်မြို့တွေကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကာ ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းထိပါ တိုက်ပွဲတွေ ကျယ်ပြန့်လာတာတွေ့ရပါတယ်။
 
ဓာတ်ပုံ – Social Media