ထားဝယ်မှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် နှစ်ဆယ်နီးပါးသေဆုံး

 

 

ဖေဖော်ဝါရီ ၊ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ အရှေ့တောဒေသကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း ဖေဖော်ဝါရီ ၂၁ ရက်၊ မနေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် စစ်ကားအကြီး ခြောက်စီးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အခုထိ ပွဲကြမ်းနေတုန်းပဲ၊ သူတို့ဘက်က တော်တော်ထိသွားတော့ မနေ့ကတောင် လေကြောင်းကနေ လာချသေးတယ်” လို့ အရှေ့တောဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

အင်အား သုံးရာလောက်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်မြို့ကနေ စစ်ကားအကြီး ၁၇ စီးနဲ့ ဖေဖော်ဝါရီ ၁၇ ရက်လောက်ကတည်းက ထားဝယ်-ထီးခီး ကားလမ်းအတိုင်း အရှေ့တောဒေသကို ဝင်လာခဲ့တာပါ။

ကျောက်မဲတောင် ရဲစခန်းဘက်ကို ဦးတည်လာတဲ့ အဲဒီယာဉ်တန်းဟာ မနေ့ကတော့ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြား တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“ကားတွေက ဝကုန်းနဲ့ ကျောက်မဲတောင်ကြားမှာပဲ ရှိသေးတယ်၊ ကျောက်မဲတောင်ကို သုံးစီးလောက်ပဲရောက်သေးတယ်” လို့လည်း နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

Delta News Agency က ကြည့်ရှုခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထားဝယ်-ထီးခီး ကားလမ်းမပေါ် ထိခိုက်ပျက်စီးထားလို့ ရှေ့ဆက်သွားမရတော့တဲ့ စစ်ကား ခြောက်စီးနဲ့၊ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးကို တွေ့ရပါတယ်။

ဒါ့အပြင် သေနတ်မျိုးစုံ နှစ်ဆယ်ကျော်၊ ၆၀ မမ စိန်ပြောင်းတလက်၊ ၄၀ မမ စိန်ပြောင်းသုံးလက်နဲ့ ခဲယမ်းတချို့ကိုလည်း ကာကွယ်ရေးတပ်တွေဘက်က သိမ်းဆည်းရမိထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်တွေလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KNLA တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ တို့ရဲ့ တပ်ရင်းမှူး စောမှူးဂေကတော့ အဲဒီတဝိုက် တိုက်ပွဲတွေအတွင်း စစ်ကား ၁၂ စီးကို ဖျက်ဆီးထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၃ လောင်းရရှိထားတယ်လို့ Dawei Watch သတင်းဌာနကို ပြောဆိုထားပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က ဝကုန်းကျေးရွာတဝိုက်ကို Mi 2 ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ငါးဦးထက်မနည်း ကျဆုံးထားပြီး အတိအကျတော့ မသိရသေးပါဘူး။

အခုလို တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်တွေကလည်း ဝကုန်းကျေးရွာမရောက်ခင် သင်္ကန်းတုံးကျေးရွာမှာ စနိုက်ပါနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အရှေ့တောဒေသက ဒေသခံတွေကတော့ စစ်ကောင်စီတပ်ယာဉ်တန်း စဝင်လာကတည်းက တိမ်းရှောင်နေကြပြီး အရင်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၄ ရက်ကတည်း တနင်္သာရီတိုင်းအတွင်း ပထမဦးဆုံးရှေ့တန်းစခန်းသိမ်းတိုက်ပွဲအနေနဲ့ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသအခြေစိုက် ကျောက်ထုစခန်းကို KNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိ်မ်းပိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။