ရေတာရှည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက် ကျေးရွာသုံးရွာကို ဒီလ ၂၁ ရက် ၊ နေ့လည် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။

“ကြဲတာရော၊ ပစ်တာရောပဲ လေယာဉ်ကလေ ၊အခုက အိမ်ပေါ်ကို ကျသွားတာတဲ့ ထိတဲ့သူတွေ အများကြီးပဲ၊ ကလေးတွေရော၊ လူကြီးတွေရော၊ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့သူ ဒဏ်ရာရသွားတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာနဲ့ မိချောင်းအိုင်ကျေးရွာဘက်ကို  စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ နာရီဝက်နီးပါးကြာပြုလုပ်ခဲ့တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်က ကြဲချလိုက်တဲ့ ဗုံးတွေဟာ ပိတောက်ကုန်းနဲ့ စည်ပိုင်းကျေးရွာက နေအိမ်တွေအပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ စည်ပိုင်းရွာမှ အသက် ရှစ် နှစ်အရွယ် မသဇင်ပွင့်၊ အသက် ဆယ် နှစ်အရွယ် မရတီဇော်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်တင်တင်မူတို့ သုံးဦးသေဆုံးကာ အသက် ခြောက်ဆယ်နှစ်အရွယ်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပိတောက်ကုန်းရွာမှ အသက် ခုနှစ်ဆယ် နှစ်အရွယ် ဒေါ်ချစ်ပို သေဆုံးကာ အသက်နှစ်ဆယ်ကျော်အမျိုးသမီးတဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ခန္ဓာကိုယ်အနှံ့ပဲပေါ့ ပေါက်ပြဲကုန်တာပေါ့၊ အစတွေ ထိတာများတာ၊ အခု ဒဏ်ရာရတဲ့တွေထဲက နှစ်ဆယ်ကျော်အရွယ်ကလေးမလေးက ဒဏ်ရာများတယ်၊ ကျန်တဲ့သူက အသက်အန္တရာယ်မစိုးရိမ်ရဘူး”လို့ အဲဒီဒေသခံက ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို နွားခုနှစ်ကောင်လည်း ထိခိုက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ရွာချင်းကပ်ရပ်တွေ ဖြစ်ကြပြီး အဲဒီကျေးရွာတွေဘက်ကို လွန်ခဲ့တဲ့ သုံးလဝန်းကျင်ခန့်က စစ်ကောင်စီက နောက်ဆုံးအကြိမ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရေတာရှည်မြို့နယ်က ကျေးရွာသုံးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့လို့ အခုလို အရပ်သားတွေ ထိခိုက်သေဆုံးတာ ဖြစ်တယ်လို့ ဓါတ်ပုံနဲ့တကွ ဝါဒဖြန့်ထားပါတယ်။

အခုလေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ကျေးရွာတွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက တော်လှန်ရေးအင်အားစုတွေဝင်ထွက်သွားလာမှုရှိတဲ့ ကျေးရွာတွေဖြစ်ကြတယ်လို့ သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်စစ်ကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနယ်မြေတွေက PDF တွေနဲ့ EAO တွေ လှုပ်ရှားထိန်းချုပ်ထားတဲ့နယ်မြေတွေဗျ၊ အခုလည်း တိုက်ပွဲမဖြစ်ပါဘူး၊ ဒီအတိုင်းကို လာပစ်သွားတာပါ” လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှုဖြစ်စဉ် ၁,၆၅၂ ကြိမ်ရှိပြီး အရပ်သား ၉၃၆ ဦးသေဆုံးကာ ၈၇၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် လေကြောင်းပစ်ခတ်မှုကြောင့် ဆေးရုံဆေးပေးခန်း ၂၈ ခု၊ စာသင်ကျောင်း ၇၆ ခု၊ ဘာသာရေးအဆောက်အအုံ ၁၃၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။