ဖေဖော်ဝါရီ၊ ၂၁
တရုတ် ပြည်ပမကြီးဖက်ကို မျက်နှာမူထားတဲ့ ကျွန်းငယ်တွေပေါ်မှာ စစ်အင်အား တိုးမြှင့်တော့မယ်ဆိုတဲ့ သတင်းတွေကို ထိုင်ဝမ်က ငြင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ဖက်မှာ ထင်ရှားမြင်သာတဲ့ စစ်ရေး လှုပ်ရှားမှု အပြောင်းအလဲတွေ မမြင်ရသေးသလို ထိုင်ဝမ် အနေနဲ့လည်း ရေလက်ကြားထဲမှာ ရှိနေတဲ့ ကမ်းလွန် ကျွန်းတွေမှာ တပ်အင်အား ဖြည့်တင်းမယ်ဆိုတာ မဟုတ်မှန်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဖြေရှင်း ငြင်းဆန်သွားခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ အစဉ်တစိုက် ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်ကတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်ကို သိမ်းယူမယ့် စစ်ပွဲကြီးကို ၂၀၂၈ ခုနှစ်လောက်မှာ လက်တွေ့ အကောင်အထည် ဖော်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေက ပိုမိုမြင့်တက်ခဲ့ပြီး အထူးသဖြင့် ရွေးကောက်ပွဲ ရလဒ်အရ လိုင်ချင်တေးကို ပြည်သူတွေက အနာဂတ် သမ္မတအဖြစ် ရွေးချယ်ကြောင်း သေချာသွားချိန်မှာ တရုတ်ဖက်က ခါးသီးမှုတွေ ပိုမို များပြားလာပါတယ်။ လိုင်ဟာ သဘောထား တင်းမာတဲ့ ခွဲထွက်ရေး ဝါဒီတဦးအဖြစ် တရုတ်က ရှုမြင်တာ ခံထားရသူပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်ဝမ် ရေပိုင်နက်ထဲ ကျူးကျော်တဲ့ တရုတ် ငါးဖမ်းလှေကို ထိုင်ဝမ် ကမ်းခြေစောင့်တပ်က တားဆီးရင်း လှေနစ်မြုပ်လို့ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာတော့ ထိုင်ဝမ်ကမ်းလွန်က ကင်မန်ကျွန်း အလွန် ရေပြင်မှာ ထိုင်ဝမ် ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်လာရာ ကူးတို့ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ်က ဟန့်တား စစ်ဆေးခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလို ပွတ်တိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း စစ်ရေးအရတော့ တရုတ်ဖက်မှာ လောလောဆယ် မူမမှန်တဲ့ ဘယ်လို အပြုအမူကိုမှ မမြင်မိသေးဘူးလို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ထောက်လှမ်းရေး အရာရှိ ဟွမ်မင်ချေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
နောက်ပြီး ကင်မန် အပါအဝင် ကမ်းလွန်ကျွန်းတွေမှာ ရေတပ်နဲ့ ကြည်းတပ်က ပုံမှန် ကင်းလှည့် စောင့်ကြပ်တာတွေ လုပ်ဆောင်နေမှာ ဖြစ်ပေမယ့်လည်း စစ်အင်အား သီးသန့် တိုးမြှင့် ဖြန့်ကျက်ဖို့တော့ အစီအစဉ် မရှိသေးကြောင်း၊ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကို ထိထိရောက်ရောက်နဲ့ မှန်ကန်တိကျစွာ ကိုင်တွယ်နေနိုင်ဆဲလို့ ယုံကြည်ကြောင်းလည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။
Ref: CNA