ချောင်းသာ ဒေသအတွင်းက ရွာတရွာကို စစ်ကောင်စီဖျက်သိမ်း၊ လူနှစ်ရာနီးပါး အိုးအိမ်မဲ့ဖြစ်

ဖေဖော်ဝါရီ၊ ၂၁
 
ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမြို့အတွင်းက ရွာတရွာကို စစ်ကောင်စီက ဖျက်သိမ်း လိုက်တာကြောင့် လူ ၂၀၀ နီးပါး အိုးအိမ်မဲ့ဖြစ်သွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
ချောင်းသာကမ်းခြေမြို့၊ ကန်ကြီးကျေးရွာအုပ်စု၊ ကန်ကြီးရွာနဲ့ ငပိန်တလယ်ရွာ အကြားက အိမ်ခြေ ၄၀ နီးပါးရှိတဲ့ ဂွေးချိုရွာ မှာနေထိုင်သူတွေက ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဒီလဖေဖေါ်ဝါလ ၂၀ ရက်နေ့က ဖျက်သိမ်းလိုက်တာပါ။
 
“ဒီတော ဒီတောင်ကို အမှီပြု ဝမ်းစာရှာတဲ့သူတွေက ဒီရွာလေးကို ဖြတ်ပြီး တောထဲဝင်ကြရတာ ဘယ်သူဘယ်ဝါ ဘာလုပ်တယ်လို့ ရွာကလူတွေက မသိကြပါဘူး၊ သာမန် သစ်ဝါးခုတ်တဲ့သူတွေ မီးသွေးဖုတ်တဲ့သူတွေ မုဆိုးတွေပဲ ထင်ကြတယ်လေ၊ အဲဒါ ကို စစ်တပ်က ခဏခဏ လာစစ်တယ်၊ ခုတော့ PDF ရွာဆိုပြီး ရွာကိုဖျက်ပြီး လူတွေကို နှင်ထုတ်လိုက်တယ်” လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။
 
နှင်ထုတ်ခံရသူတချို့ဟာ ပုသိမ်-ချောင်းသာ ကားလမ်းနဘေးက ဆိပ်ကြီးခြောက်ကောင် စတဲ့ ရွာငယ်လေးတွေကို ပြောင်းရွေ့နေထိုင်ကြရပြီး တချို့ကတော့ ချောင်းသာကမ်းခြေမြို့နဲ့ အောင်ချမ်းသာရွာသစ်ကို ပြောင်း‌ရွေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။
 
ဂွေးချိုရွာ အနီးက ကန်ကြီးရွာရှိ ကင်းစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဂွေးချိုရွာကို PDF ရွာအဖြစ် သတ်မှတ်စွပ်စွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လအတွင်းက ကန်ကြီးရွာရှိ ကင်းစခန်းကို ဒေသတွင်းရှိ တော်လှန်ရေးအင်အားစု အဖွဲ့တခုက အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ အမာခံ သတင်းပေးအဖြစ် နာမည်ကြီးသူတဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
 
“စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ PDF တွေ အခြေစိုက်လို့မရအောင် မြေလှန်စနစ် သုံးနေတာ၊ ဒါမျိုးက ဗမာစစ်တပ်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ နည်းဗျူဟာပါ၊ ဧရာဝတီတိုင်းမှာ ဗကပနဲ့ KNU ကို တိုက်တုန်းကလည်း ဒီနည်းပဲသုံးခဲ့တာ၊ အပြစ်မဲ့ သာမာန်ပြည်သူတွေ ဒုက္ခရောက်ကြရတယ်” လို့ အသက် ၇၀ ကျော်ရှိ နိုင်ကျဉ်းဟောင်း ဦးအောင်ထိန် က ပြောပါတယ်။
 
၁၉၉၂ ခုနှစ် က ဧရာဝတီတိုင်း အတွင်းမှာ KNU နဲ့ ဗမာစစ်တပ် ဖြစ်ပွားခဲ့တဲ့ ဘိုကလေး ထော်ပိုင်အရေးမှာလည်း ဗမာစစ်တပ်က ဒေသခံတွေကို ဝါးချွန်ကိုင်ကာ ရှေ့ကတက်ခိုင်းပြီး ကရင်တိုင်းရင်းသား ရွာတွေကို မီးရှို့ဖျက်ဆီးကာ မြေလှန်စနစ်ကို ကျင့်သုံးခဲ့တယ် နိုင်ကျဉ်းဟောင်း ဦးအောင်ထိန် က ဆက်ပြောပါတယ်။
 
ဧရာဝတီတိုင်းအတွင်းမှာ ချင်း၊ ရခိုင်နဲ့ ကရင် တိုင်းရင်းသားတွေ အရင်ကတည်းက ပျံ့နှံ့နေထိုင်ကြတဲ့အပြင် ချောင်းသာဒေသ အပါအဝင် ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းဟာ ရခိုင်တပ်မတော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ရေလမ်း ကုန်းလမ်း နယ်နမိတ်ထိစပ်နေပါတယ်။
 
ဒါကြောင့် စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို မယုံသင်္ကါဖြစ်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေနဲ့ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media